Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို ဝေဖန်ခဲ့ဖူးတဲ့ အမေရိကန် စစ်တပ်အကြီးအကဲဟောင်းရဲ့ လုံခြုံရေး အစီအမံတွေ ရုပ်သိမ်းခံရ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လီအတွက် ပေးအပ်ထားတဲ့ လုံခြုံရေး အစောင့်အရှောက် အစီအမံတွေ အားလုံးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ရုပ်သိမ်းခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လီအတွက် ပေးအပ်ထားတဲ့ လုံခြုံရေး အစောင့်အရှောက် အစီအမံတွေ အားလုံးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ရုပ်သိမ်းခဲ့ပါတယ်။

ထရမ့်ရဲ့ လက်ရှိ ဒုတိယမြောက် သမ္မတ သက်တမ်းမှာ ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ပိထ်ဟက်ဂ်ဆက်သ်ဟာ ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးရဲ့ လုံခြုံရေး ခံစားခွင့်တွေ ရုပ်သိမ်းမှုကို ပထမဆုံး အမိန့်တစ်ရပ်အဖြစ် ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဟက်ဂ်ဆက်သ်က ဗိုလ်ချုပ်ကြီး မစ်လီရဲ့ အပြုအမူပိုင်းနဲ့ ရာထူးအဆင့်အတန်းတွေကို ပြန်လည် ဆန်းစစ်ဖို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနကို အမိန့်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မစ်လီဟာ ထရမ့်ရဲ့ အမေရိကန် သမ္မတ ပထမသက်တမ်းအတွင်း အမေရိကန် စစ်တပ်အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ထရမ့်နဲ့ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်လာခဲ့ပါတယ်။ မစ်လီက ထရမ့်ကို ဖက်ဆစ်တစ်ယောက်လို့တောင် ဝေဖန်ခဲ့ဖူးပါတယ်။

ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက ကျမ်းသစ္စာ ကျိန်ဆိုပြီး အမေရိကန် သမ္မတ ရာထူးကို ဒုတိယအကြိမ် ရယူချိန် ကတည်းက သူနဲ့ ကျောင်းတော်က ရန်စ ရှိခဲ့ဖူးသူ အရာရှိဟောင်းတွေရဲ့ လုံခြုံရေး အစောင့်အရှောက်နဲ့ တခြား ခံစားခွင့်တွေကို အင်တိုက်အားတိုက် ရုပ်သိမ်းနေခဲ့ပါတယ်။ အဲဒီထဲမှာ ကိုဗစ်ကပ်ရောဂါ ကာလတုန်းက အရေးပါတဲ့ အစိုးရ မူဝါဒတွေကို ဦးဆောင်ခဲ့သူ ထိပ်တန်း ကျန်းမာရေး အရာရှိ အန်သိုနီ ဖော်စီလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်း နောက်ဆုံး သီတင်းပတ်တွေမှာ ဗိုလ်ချုပ်ကြီး မစ်လီက တရုတ် စစ်တပ် အကြီးအကဲနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တာတွေကို အပြစ်တင်ခဲ့ပြီး သစ္စာဖောက်တဲ့ လုပ်ရပ်လို့တောင် စွပ်စွဲခဲ့ဖူးပါတယ်။ အဲဒီ ဖုန်းဆက် ဆွေးနွေးမှုတွေအတွင်း ဗိုလ်ချုပ်ကြီး မစ်လီက အမေရိကန်ဟာ နျူကလီးယား တိုက်ခိုက်မှု တစ်ခုခုကို လုပ်ဆောင်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် ပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ထရမ့်ကတော့ အဲဒီကိစ္စဟာ ကမ်းကုန်အောင် ယုတ်ညံ့မှု တစ်ခုလို့ ဝေဖန်ပြီး သေဒဏ်တောင် စီရင်ထိုက်တယ်ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မစ်လီကတော့ တရုတ်နဲ့ ဖုန်းဆက် စကားပြောခဲ့တာတွေဟာ တခြားသော ကာကွယ်ရေး အရာရှိကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး လုပ်ဆောင်ခဲ့တာလို့ တုံ့ပြန် ဖြေရှင်းထားပါတယ်။

နောက်ပြီး ဘော့ဘ်ဝုဒ်ဝက်ဒ် ရေးသားတဲ့ War စာအုပ်မှာ ဗိုလ်ချုပ်ကြီး မစ်လီက ထရမ့်ကို အသွေးအသားထဲက ဖက်ဆစ်ဝါဒ စွဲကိုင်ထားသူ၊ နိုင်ငံအတွက် အန္တရာယ် အကြီးဆုံး လူပုဂ္ဂိုလ် တစ်ယောက်လို့ သုံးနှုန်း စွပ်စွဲခဲ့ကြောင်း ရေးသား ဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး ၂၀၂၃ ခုနှစ်တုန်းက အမေရိကန် စစ်တပ် အကြီးအကဲ အနေနဲ့ နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး မစ်လီက အမေရိကန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အာဏာရှင် ဖြစ်ချင်နေသူ တစ်ယောက်အတွက် သစ္စာစောင့်သိဖို့ ကျမ်းကျိန်ထားကြတာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီးအတွက် ပေးအပ်ထားတဲ့ လုံခြုံရေး အထောက်အပံ့တွေကို ဖယ်ရှားကြောင်း ကြေညာချက်နဲ့အတူ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာနက အဆင့်အလိုက် အမိန့်ပေးမှု ကွင်းဆက်တွေမှာ အားနည်းချက်တွေ ရှိနေခြင်းက အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိခိုက်စေကြောင်း၊ သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုနဲ့အတူ သင့်တော်တဲ့ စီမံ ပြောင်းလဲမှုတွေ လုပ်ဆောင်ရေးဟာ ဝန်ကြီးဌာနရဲ့ ဦးစားပေး ရည်ရွယ်ချက် တစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ သမ္မတရာထူးကို ဒုတိယအကြိမ် ရယူပြီးချိန်မှာတော့ သူ့ရဲ့ ပထမရာထူး သက်တမ်းမှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ မိုက်ခ်ပွမ်ပီရို၊ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန်တို့လို ပုဂ္ဂိုလ်တွေအတွက် လုံခြုံရေး အထောက်အပံ့တွေကိုပါ ရုပ်သိမ်းခဲ့ပါတယ်။

နောက်ပြီး ထရမ့်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ထဲ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်ကြီး မစ်လီရဲ့ ဓာတ်ပုံကိုပါ ဖယ်ရှားပစ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

ဆောင်းပါး

ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာ ကတည်းက ဒေါ်နယ်လ်ထရမ့်ဟာ သူသမ္မတ ဖြစ်လာရင် အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ဖြတ်တောက် လျှော့ချမယ် ဆိုတာကို အကြိမ်ကြိမ် ပြောခဲ့ဖူးပြီးသားပါ။

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ကို Google Map မြေပုံစနစ်မှာ နာမည်ပြောင်းလဲ မသတ်မှတ်ဖို့ မက္ကဆီကို သမ္မတက Googleဆီ စာရေးသား တောင်းဆိုခဲ့ပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာဆီ ပို့ဆောင်တဲ့ အမေရိကန် အထောက်အပံ့တွေကို ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကို ရပ်ဆိုင်းထားလိုက်ရကြောင်း ကရင် ဒုက္ခသည်များကော်မတီ(KRC)ကပြောပါတယ်။