မက္ကဆီကို ပင်လယ်ကွေ့ကို Google Map မြေပုံစနစ်မှာ နာမည်ပြောင်းလဲ မသတ်မှတ်ဖို့ မက္ကဆီကို သမ္မတက Googleဆီ စာရေးသား တောင်းဆိုခဲ့ပါတယ်။
သမ္မတ ကလော်ဒီရာ ရှိန်ဘွမ်းက Google Mapထဲမှာ အဲဒီ ပင်လယ်ကွေ့ရဲ့ နာမည်ကို အမေရိက ပင်လယ်ကွေ့အဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ အစီအစဉ်ကို အလေးထား စဉ်းစားစေလိုကြောင်း အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးဆီ ပေးပို့တဲ့ စာထဲမှာ မေတ္တာရပ်ခံထားပါတယ်။ Google Mapဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မြေပုံ Appတစ်ခုလည်း ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်မှာပဲ အမေရိကန်၊ မက္ကဆီကို၊ ကျူးဘား နိုင်ငံတွေနဲ့ ထိစပ်နေရာ ရေပြင်ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းလဲ ခေါ်ဝေါ်စေမယ့် အမိန့်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
Googleကတော့ appထဲက နာမည် အပြောင်းအလဲကို အမေရိကန်မှာ Google Map သုံးစွဲသူတွေသာ တွေ့နိုင်မှာဖြစ်ပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးကတော့ နှစ်ပေါင်းရာနဲ့ချီ တည်တံ့ခဲ့တဲ့ မက္ကဆီကို ပင်လယ်ကွေ့ဆိုတဲ့ နာမည်ကိုပဲ မြင်နေရမယ်လို့ ဖြေရှင်းထားပါတယ်။

Public Service Announcement
ကမ္ဘာပေါ်မှာ ရေပြင်တွေရဲ့ နာမည်ကို တရားဝင် သတ်မှတ်ဖို့အတွက် တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မရှိပါဘူး။ မက္ကဆီကိုကတော့ ပင်လယ်ကွေ့ နာမည်ကို ပြောင်းပစ်မယ့် ထရမ့်ရဲ့ အမိန့်ကို ဆန့်ကျင်ထားပြီး ကုလသမဂ္ဂရဲ့ ပင်လယ်ရေပိုင်နက်ဆိုင်ရာ ဥပဒေတွေအရ နိုင်ငံတစ်နိုင်ငံဟာ ကမ်းရိုးတန်းကနေ ရေမိုင် ၁၂ မိုင် အကွာထိ ရေပြင်ကိုသာ ရေပိုင်နက် သတ်မှတ်ခွင့် ရှိကြောင်း၊ ဒါကြောင့် ကျယ်ပြောလှတဲ့ ပင်လယ်ကွေ့ကြီး တစ်ခုလုံးဟာ အမေရိကန် ပိုင်နက် မဟုတ်သလို အမေရိကန်က စိတ်ကြိုက် နာမည်ပြောင်းခွင့် မရှိကြောင်း ရှိန်ဘွမ်းက ဆိုပါတယ်။
Googleကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး လတ်တလောမှာ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အစောပိုင်းတုန်းကတော့ Googleဟာ တည်နေရာတွေရဲ့ နာမည် အပြောင်းအလဲကို တရားဝင် အစိုးရ အရင်းအမြစ်တွေရဲ့ အသစ်ပြောင်းလဲ အသိပေးမှု လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။
Googleဟာ အမေရိကန်မှာရှိတဲ့ ဒန်နယ်လီ တောင်ကိုလည်း မက်ကင်လေ တောင်လို့ နာမည်ပြောင်းလဲ သတ်မှတ်သွားမှာပါ။ အဲဒါကလည်း ထရမ့်ရဲ့ နောက်ထပ် အထူးအမိန့် တစ်ခုပဲ ဖြစ်ပါတယ်။
ရှိန်ဘွမ်းကတော့ Googleရဲ့ ကနဦး ဆုံးဖြတ်ချက်အပေါ် ဝေဖန်ထားပြီး နိုင်ငံတကာ ပိုင်နက်ရေပြင် တစ်ခုရဲ့ နာမည်ကို နိုင်ငံတစ်ခုတည်းရဲ့ အဆုံးအဖြတ်နဲ့ လက်လွတ်စပယ် ပြောင်းလဲလို့ မရကြောင်း အရေးဆိုခဲ့ပါတယ်။
ရှိန်ဘွန်းဟာ အရင်တုန်းက ထရမ့်အနေနဲ့ ပင်လယ်ကွေ့ နာမည်ကို ပြောင်းချင်တယ်ဆိုရင် မက္ကဆီကို အမေရိက ပင်လယ်ကွေ့ ဆိုတာမျိုးကိုလည်း ထည့်စဉ်းစားစေချင်ကြောင်း အငေါ်တူးပြီး အကြံပြုခဲ့ဖူးပါတယ်။ သူက ပင်လယ်ကွေ့ရဲ့ နာမည်ကို ထရမ့်က ဘယ်လိုပြောင်းခေါ်ပါစေ၊ မက္ကဆီကို ပြည်သူတွေနဲ့ တစ်ကမ္ဘာလုံး အတွက်ကတော့ မက္ကဆီကို ပင်လယ်ကွေ့ အဖြစ်ပဲ ထာဝရ ဆက်ရှိနေမယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။
ကိုးကား: BBC
