Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂို ကျေးရွာနှစ်ခုမှာ အမျိုးအမည်မသိ ရောဂါကြောင့် တစ်လအတွင်း လူ ၅၃ ယောက်သေဆုံး

ကွန်ဂိုနိုင်ငံမှာ ရုတ်တရက် ပျံ့နှံ့လာတဲ့ အမျိုးအမည်မသိ ရောဂါတစ်ခုဟာ တစ်လကျော်အတွင်း လူ ၅၃ ဦးကို သေဆုံးစေခဲ့ကြောင်း သိရပါတယ်။

ကွန်ဂိုနိုင်ငံမှာ ရုတ်တရက် ပျံ့နှံ့လာတဲ့ အမျိုးအမည်မသိ ရောဂါတစ်ခုဟာ တစ်လကျော်အတွင်း လူ ၅၃ ဦးကို သေဆုံးစေခဲ့ကြောင်း သိရပါတယ်။

အဲဒီ ရောဂါကို အီကွေတီရာ ပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ ထောက်လှမ်း တွေ့ရှိခဲ့တာပါ။ လင်းနို့တစ်ကောင်ကို စားသောက်ခဲ့တဲ့ ရွာသား ကလေးငယ် ၃ ယောက်မှာ အဲဒီရောဂါကို စတင် တွေ့ရှိခဲ့ပြီး နောက်တော့ နေရာနှစ်ခုမှာ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ အခြေအနေအရ ရောဂါဖြစ်ပွားသူ ၄၃၁ ဦး တွေ့ရှိခဲ့ပြီး ၅၃ ယောက် သေဆုံးခဲ့တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။

ကွန်ဂိုက ရောဂါပျံ့နှံ့ ဖြစ်ပွားမှုတွေဟာ နေ့အလိုက် တိုးပွားလာနေပြီး အများပြည်သူ ကျန်းမာရေး ကဏ္ဍကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း၊ နာမကျန်းမှုတွေရဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း WHO ပြောရေးဆိုခွင့်ရ အရာရှိ တာရစ်ခ် ဂျာဆာရာဗစ်က ပြောကြားခဲ့ပါတယ်။

အဲဒီရွာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ အားနည်းချက်လည်း ရှိနေတာကြောင့် ထိရောက်တဲ့ ဓာတ်ခွဲ စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပထမ ကူးစက်မှုတွေဟာ ဘိုလိုကို ကျေးရွာမှာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ နောက်ပိုင်းမှာ လူနာ ၁၂ ယောက်ထဲက ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ ကူးစက်မှုကတော့ ဘိုမာတီ ကျေးရွာမှာဖြစ်ပြီး လူနာ ၄၁၉ ယောက်ထဲက ၄၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဖျားတာ၊ အော့အန်တာ၊ ကိုယ်တွင်း သွေးယိုစီးတာမျိုး လက္ခဏာတွေ ပြသပြီးရင် ၄၈ နာရီလောက် အတွင်းမှာတင် အသက်ဆုံးရှုံးတဲ့ အခြေအနေတွေတောင် ရှိနေတာကြောင့် အခြေအနေက စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဒေသတွင်း ဆေးရုံတစ်ခုရဲ့ ဒါရိုက်တာ ဆာဂျီ နာဂါလီဘာတိုက ပြောပါတယ်။

သေဆုံးသူတွေထဲက ဆေးဖက်ဆိုင်ရာ နမူနာ ၁၃ ခုကို ဓာတ်ခွဲ စစ်ဆေးတဲ့အခါ အာဖရိကမှာ အဖြစ်များပြီး သေနှုန်းမြင့်တဲ့ အီဘိုလာနဲ့ မာဘက်ဂ် ရောဂါတွေ မဟုတ်ဘူးဆိုတာ အဖြေထွက်ခဲ့ပါတယ်။

နောက်ကြောင်းပြန် စစ်ဆေးမှုတွေအရ ဘိုလိုကို ကျေးရွာထဲက အသက် ၅ နှစ်အောက် ကလေးတချို့ဟာ လင်းနို့အသေ တစ်ကောင်ကို စားမိပြီးတဲ့နောက် စတင် ဖျားနာလာတယ်လို့ စုံစမ်း သိရှိထားပါတယ်။ လောလောဆယ်တော့ ဘိုလိုကိုနဲ့ ဘိုမာတီတို့မှာ သီးခြားဖြစ်ပွားတဲ့ ကူးစက်မှုတွေကြားက အဆက်အစပ်ကို ရှာမတွေ့သေးဘူးလို့ WHOက ဆိုပါတယ်။

ဒီဇင်ဘာလတုန်းကလည်း ကွန်ဂိုမှာ အမျိုးအမည်မသိ ဖျားနာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်းမှာ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တော့မှသာ ငှက်ဖျားရောဂါ ပျံ့နှံ့ ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံက ဆေးရုံတစ်ခုရဲ့ ဝင်းထဲမှာ အီဘိုလာ ရောဂါသည်တွေကို ထားရှိဖို့ စီစဉ်ထားတဲ့ ရွက်ဖျင်တဲတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။