Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Group chat ပေါက်ကြားခဲ့မှုအတွက် ကာကွယ်ရေး ဝန်ကြီးကို စုံစမ်း မေးမြန်းမယ်လို့ ပင်တဂွန် အတည်ပြု

ယီမင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဆိုင်ရာ group chat ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးကို စုံစမ်း မေးမြန်းသွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။

ယီမင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဆိုင်ရာ group chat ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးကို စုံစမ်း မေးမြန်းသွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးချုပ်ဖြစ်တဲ့ ပင်တဂွန်ရဲ့ စုံထောက်ချုပ်ရုံးက ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အဲဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်း စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဧပြီလ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အမေရိကန်ဟာ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှု အကြောင်းကို အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေက Signalရဲ့ group chatမှာ ဆွေးနွေးခဲ့ပြီး ဂျာနယ်လစ် တစ်ဦးကို မရည်ရွယ်ဘဲ အဲဒီ group chatထဲ ထည့်သွင်းမိခဲ့ရာက ပေါက်ကြားမှု ဖြစ်ခဲ့တာပါ။

Atlantic မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်က သူ့ကို အဲဒီ group chatထဲ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး မိုက်ခ်ဝေါ့ဇ်က မှားယွင်း ထည့်သွင်းမိခဲ့တဲ့အကြောင်း စစ်ဆင်ရေးအပြီး ရက်အတော်ကြာမှ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် အစိုးရကလည်း အဲဒီလို အမှားမျိုး ရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရမ်းအရေးကြီးတဲ့ စစ်ရေးဆိုင်ရာ လျှို့ဝှက် ဆွေးနွေးမှုတွေကို အစိုးရက သတ်မှတ်ထားတဲ့ စနစ်တွေ၊ လမ်းကြောင်းတွေအတိုင်း မလုပ်ဘဲ ပြင်ပ app တစ်ခုကို အသုံးပြုခဲ့တာရယ်၊ အချက်အလက် ပေါက်ကြားမှုတွေသာ မသမာသူတွေ လက်ထဲ ရောက်သွားခဲ့မယ်ဆိုရင် စစ်ဆင်ရေးမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် အကြီးအကျယ် ခြိမ်းခြောက် ခံရနိုင်တယ်ဆိုတဲ့ အခြေအနေရယ်ကို အကြောင်းပြုပြီး ဒီပြဿနာအပေါ် ဝေဖန်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

ဟက်ဂ်ဆက်သ် အပါအဝင် အမေရိကန် အစိုးရ ထိပ်တန်း အရာရှိတွေ ပါဝင်တဲ့ အခုလို group chatမျိုး အလွယ်တကူ ပေါက်ကြားခဲ့တဲ့ ကိစ္စဟာ အတော်လေးလည်း အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

ပင်တဂွန် စုံထောက်ချုပ်ရုံးက ဒီပြဿနာကြောင့် ဟက်ဂ်ဆက်သ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တခြားဝန်ထမ်း ဘယ်သူတွေက မူဝါဒရေးရာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေကို ဘယ်အတိုင်းအတာထိ ချိုးဖောက်မိခဲ့သလဲ ဆိုတာကို စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ ရုံးလုပ်ငန်း ကိစ္စတွေအတွက် ပြင်ပ appတစ်ခု အသုံးပြုခြင်းကတင် စုံစမ်းစစ်ဆေးမှုတွေအတွက် လုံလောက်တဲ့ အကြောင်းတစ်ခု ဖြစ်နေတယ်လို့ ယာယီ စုံထောက်ချုပ် စတီဗန် စတက်ဘင်စ်က ပြောပါတယ်။

အိမ်ဖြူတော်ကတော့ အခုပေါက်ကြားမှုကြောင့် ထိခိုက်သက်ရောက်နိုင်ခြေ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတဲ့ အယူအဆကို လျှော့ချပြီး ဖုံးဖုံးဖိဖိ သဘောမျိုး ဆက်တိုက် ပြောဆိုနေပါတယ်။ ဒီအတောအတွင်း အမေရိကန် တရားသူကြီး တစ်ဦးက မတ်လ ၁၁ ရက်ကနေ ၁၅ ရက်နေ့အတွက် Signalမှာ ပြောဆိုခဲ့သမျှ ကိစ္စအားလုံးကို မဖျောက်ဖျက်ဘဲ ထိန်းသိမ်းထားဖို့ ထရမ့်ရဲ့ အစိုးရကို အမိန့်ထုတ် ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်စစ်တပ်ရဲ့ မကြုံစဖူး အင်အားချဲ့ထွင် တည်ဆောက်မှုတွေဟာ အမေရိကန်ကို အရင်ကထက် အကာအကွယ် လျော့ကျလာစေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

စစ်ရေး အစီအမံတွေကို လူအများ အသုံးပြုတဲ့ messaging ပလက်ဖောင်း တစ်ခုမှာ ဆွေးနွေးခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ လုပ်ရပ်ဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ဝန်ကြီးဌာနရဲ့ သုံးသပ်ချက် တစ်ခုက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် ‘ပစ်အားကောင်းကောင်း’မျိုး ရသွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။