Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုင်ဘက်တွေကြောင့် တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ ထိုင်းအတွက် ပိုခက်ခဲလာ

ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံဟာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ အခက်ကြုံလာနေပါတယ်။

ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံဟာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ အခက်ကြုံလာနေပါတယ်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အထူးဖွံ့ဖြိုးတဲ့ ထိုင်းနိုင်ငံ အတွက်တော့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေဟာ အဓိက ပစ်မှတ်ထားတဲ့ ဖောက်သည်တွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ အခုနှစ် ပထမဆ ၃ လအတွင်း တရုတ် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အာရုံဟာ ဂျပန်နဲ့ ဗီယက်နမ်တို့ဆီ ပိုမို ကျရောက်လာနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ လဆန်းကနေ မတ်လကုန်ထိ အတောအတွင်း ဂျပန်ကို တရုတ် ကမ္ဘာလှည့် ခရီးသည် ၂.၃၆ သန်းထိ ဝင်ရောက်ခဲ့ပြီး တူညီတဲ့ ကာလမှာ ဗီယက်နမ်ကလည်း တရုတ်ဧည့်သည် ၁.၆ သန်းကို ကြိုဆိုခွင့် ရခဲ့ပါတယ်။ ဒါဟာ နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ တူညီတဲ့ ကာလမှာ ဗီယက်နမ်ရောက် တရုတ် ဧည့်သည်ဦးရေ ၇၈ ရာခိုင်နှုန်း တိုးသွားခြင်း ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ အဲဒီ သုံးလအတွင်း ထိုင်းကို ဝင်ရောက်တဲ့ တရုတ်ဧည့်သည်က ၁.၃၃ သန်းပဲ ရှိခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ ၂၄ ရာခိုင်နှုန်း ကျသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမြောက်ပိုင်းဇုန် ကမ္ဘာလှည့် ခရီးသွား အာဏာပိုင် အဖွဲ့အစည်း (TAT)ရဲ့ အမှုဆောင် ဒါရိုက်တာ ပက်တာရန်နောင် နာချန်မိုင်က နိုင်ငံရဲ့ တရုတ် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် စျေးကွက်ဟာ အကျပ်အတည်းတွေ တစ်ခုပေါ်တစ်ခု ဆင့်ပြီး ကြုံနေရတယ်လို့ သတိပေးခဲ့ပါတယ်။

လုံခြုံရေး စိုးရိမ်တဲ့ အခြေအနေတွေသာ မကဘဲ မတ်လကုန်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဘန်ကောက်မှာ တိုက်ပြိုကျခဲ့တာတွေ၊ ပထဝီဝင် နိုင်ငံရေး တင်းမာမှုတွေ၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး အားပြိုင်မှုတွေ အားလုံးဟာ ထိုင်းမှာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ရောက်မှုကို လျော့ကျလာစေတဲ့ အကြောင်းရင်းတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေက တရုတ် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လူကုန်ကူးခဲ့ခြင်းကလည်း ထိုင်းနိုင်ငံဆီ အလည်အပတ် သွားရောက်မယ့် တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို တွန့်ဆုတ်သွားစေခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဂျပန်ဟာ ယန်းငွေတန်ဖိုးကျမှုရဲ့ ကောင်းကျိုးအဖြစ် တရုတ် အပါအဝင် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်လို့ ပက်တာရန်နောင်က ပြောကြားသွားပါတယ်။

ဗီယက်နမ်ကလည်း နှစ်နိုင်ငံ ခရီးသွားတွေ ဗီဇာကင်းလွတ်ခွင့်အတွက် တရုတ် အစိုးရနဲ့ ညှိနှိုင်း အောင်မြင်ခဲ့သလို တရုတ် ပြည်နယ် တစ်ခုချင်းစီနဲ့လည်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန် မြှင့်တင်ဖို့ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ခြင်းကနေ ကောင်းကျိုး ခံစားနေရတာ ဖြစ်ပါတယ်။

ပြိုင်ဘက်တွေက တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ပိုမို ဆွဲဆောင်လာနိုင်ခြင်းဟာ ထိုင်းအတွက်တော့ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ထိုင်းခရီးသွား အေးဂျင့်များ အဖွဲ့ချုပ် (ATTA)ရဲ့ ဥက္ကဋ္ဌ ဆစ်တီဝတ် ချီဝါရတ်တန်ပေါင်ကလည်း တရုတ် ကမ္ဘာလှည့် ခရီးသွားဧည့်သည် စျေးကွက်ဟာ ညွှန်ကိန်းပေါင်းစုံကြောင့် အနုတ်လက္ခဏာ ပြနေတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။

သူက ထိုင်းဟာ လက်ရှိ အခြေအနေအတိုင်း ပျမ်းမျှ တစ်နေ့ကို တရုတ် ကမ္ဘာလှည့် ခရီးသွားဦးရေ ၁၀၀၀၀ နဲ့ ၁၅၀၀၀ ကြားလောက် ပုံမှန် ဆက်လက်ဝင်ရောက်နေအောင် ထိန်းထားနိုင်မယ် ဆိုရင်တောင်မှာ ၂၀၂၅ ခုနှစ်အတွက် ထိုင်းကို တရုတ် ခရီးသည်တွေ ရောက်ရှိမှု စုစုပေါင်းဟာ ၄.၂ သန်းနဲ့ ၅.၅ သန်းကြားသာ ရှိမယ်လို့ ပြောပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံဆီ တရုတ်နိုင်ငံသားတွေ လာရောက်လည်ပတ်တဲ့ အရေအတွက် ၆.၇ သန်းထက် သိသိသာသာ လျော့ကျသွားတဲ့ အဓိပ္ပါယ်လို့လည်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။