အိန္ဒိယ လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ပျံသန်းနေရင်း စက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် ဟောင်ကောင်ကို နောက်ကြောင်း ပြန်လှည့်ပြီး ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်ဆီ ဦးတည်ပျံသန်းတဲ့ ခရီးစဉ်အမှတ် AI315 လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုခု ရှိနေတယ်လို့ လေယာဉ်မှူးက သံသယ ရှိတဲ့နောက် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ် အကြောင်းကြားပြီး ဟောင်ကောင်ဆီ ပြန်လှည့်သွားခဲ့တာလို့ သိရပါတယ်။
အခုလို နောက်ကြောင်းပြန်လှည့်သွားတဲ့ လေယာဉ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်လိုပဲ Boeing 787-8 အမျိုးအစားလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့ ဖြစ်စဉ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ အမာဒါဘက် မြို့ကနေ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ဆီ ဦးတည် ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာကြောင့် ၁ ဦးသာ အသက်ရှင်ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၄၁ ဦး သေဆုံးခဲ့သလို မြေပြင်ပေါ်က လူ ၂၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement
ဟောင်ကောင်ကို ပြန်လှည့်ပြီး ဆင်းသက်ခဲ့တဲ့ လေယာဉ်ကိုတော့ အခုအခါမှာ စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေတယ်လို့ အဲဒီဖြစ်စဉ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။ လေယာဉ်ဟာ ဟောင်ကောင်ကနေ ပျံတက်သွားပြီးတဲ့နောက် တစ်နာရီ အကြာမှာ ဟောင်ကောင်မှာပဲ ပြန်လည် ဆင်းသက်ခဲ့တာလို့ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို ခြေရာခံ စောင့်ကြည့်တဲ့ Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
အိန္ဒိယ လေကြောင်းလိုင်းက ခရီးစဉ်အမှတ် AI315ဟာ လုံခြုံရေးဆိုင်ရာ သတ်မှတ် စံနှုန်းတွေကြောင့် လမ်းကြောင်းပြောင်းပြီး နောက်ကြောင်းပြန်လှည့်ခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ လေယာဉ်ပေါ် လိုက်ပါသွားသူ ဦးရေကို တိတိကျကျ မထုတ်ပြန်ပေမယ့် ခရီးသည်တွေနဲ့ အမှုထမ်းတွေ အားလုံး ဘေးကင်းတယ်လို့ လေကြောင်းလိုင်းက ကြေညာပါတယ်။ Boeing ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း အိန္ဒိယ လေကြောင်းလိုင်းရဲ့ လူပေါင်း ၁၅၆ ဦးကို တင်ဆောင်လာတဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ အိန္ဒိယဆီ ဦးတည်နေရာကနေ လေယာဉ်ပေါ်မှာ ဗုံးပါလာတယ်ဆိုတဲ့ ခြိမ်းခြောက် သတင်းပေးမှု တစ်ခုအပြီး မူလ လာရာလမ်းအတိုင်း ပြန်လှည့်ပြီး ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ကိုးကား: Telegraph
