Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်မှာ စျေးဝယ်စင်တာကြီးတစ်ခု မီးလောင်ပြီး လူ ၆၀ လောက်သေဆုံး

အီရတ်နိုင်ငံက အကြီးစား စျေးဝယ်စင်တာ တစ်ခုမှာ ညလုံးပေါက် လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် လူ ၆၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Reuters

အီရတ်နိုင်ငံက အကြီးစား စျေးဝယ်စင်တာ တစ်ခုမှာ ညလုံးပေါက် လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် လူ ၆၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ခဲ့ကြောင်း၊ ရုပ်အလောင်း အများအပြားဟာ ဘယ်သူဘယ်ဝါ ခွဲခြားလို့ မရနိုင်ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ နေ့လယ်ပိုင်းထိ ရုပ်အလောင်း ၆၀ နီးပါး ရှာတွေ့ထားပြီး နောက်ထပ် ပျောက်ဆုံးနေသူ တော်တော်များများ ရှိနေသေးကြောင်း သိရပါတယ်။

အီရတ်နိုင်ငံ အရှေ့ပိုင်းက အယ်လ်ကတ်မြို့မှာ ၅ ထပ် အဆောက်အအုံ ဧရာမ စျေးဝယ်စင်တာကြီး မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဇူလိုင် ၁၆ ရက် ညပိုင်းက အဆောက်အအုံ ပထမထပ်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး အဲဒီနောက်မှာတော့ အထပ်မြင့်တွေဆီ မြန်မြန်ဆန်ဆန် ကူးစက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အသက်ရှင် လွတ်မြောက်လာသူ တစ်ယောက်ကတော့ အဲကွန်းတစ်လုံး ပေါက်ကွဲရာက စတင်ခဲ့တယ်လို့ AP သတင်းဌာနဆီ ပြောကြားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စျေးဝယ်စင်တာဟာ ဖွင့်ထားတာ ၅ ရက်သာ ရှိသေးတဲ့ အဆောက်အအုံ အသစ်ဖြစ်ပါတယ်။ မီးလောင်ပြင်ထဲကနေ သယ်ထုတ်လာတဲ့ မီးကျွမ်းနေတဲ့ အလောင်းတွေဟာ မြို့ထဲက ဆေးရုံတွေဆီ အလျှိုအလျှို ရောက်လာခဲ့ကြပါတယ်။

ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာတော့ လုံးဝဥဿုံ မီးငြိမ်းသွားပြီဖြစ်ပြီး ရုပ်အလောင်းတွေကို လိုက်ရှာတဲ့ လုပ်ငန်းကို စတင်နိုင်ခဲ့တာပါ။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေက ဆေးရုံတွေဆီ အပြေးအလွှား လာရောက် သတင်းစုံစမ်းနေတာ၊ တချို့တွေက ရင်ကွဲမတတ် ပူဆွေးရင်း လဲပြိုကျနေတာတွေကို တွေ့ခဲ့ရပါတယ်။

အယ်လ်ကတ်မြို့ ဖွဲ့စည်းပါဝင်ရာ ဝါဆစ်ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက် အယ်လ်မီယာဟီကတော့ အခုဖြစ်စဉ်အတွက် ပြည်နယ်အဆင့် ဝမ်းနည်းကြေကွဲမှုကာလ ၃ ရက်တာ သတ်မှတ်ကြေညာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူက စျေးဝယ်စင်တာ ပိုင်ရှင်နဲ့ အဆောက်အအုံ ကန်ထရိုက်တို့ကိုလည်း အမှုဖွင့် တရားစွဲဆိုမယ့်အကြောင်း ပြောခဲ့ပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

အီရတ်မှာတော့ အရင်ကလည်း အသေအပျောက် များပြားတဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းက လူတွေ ထူထပ်နေတဲ့ မင်္ဂလာ ခန်းမတစ်ခုမှာ မီးလောင်ရာက အလုအယက် တိုးဝှေ့ပြေးလွှားရင်း အချင်းချင်း နင်းမိကြလို့ လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း အီရတ်တောင်ပိုင်းက ကိုဗစ်လူနာ ကုသစင်တာ ဆေးရုံတစ်ခုမှာ မီးလောင်ပြီး လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ် ပျက်ကျမှုကြောင့် လေတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်အစိုးရရဲ့ ဖက်ဒရယ် အုပ်ချုပ်မှု ပိုင်နက်ထဲမှာ တပ်စွဲထားသမျှ အမေရိကန် တပ်တွေအားလုံး ရုပ်သိမ်းသွားပြီလို့ အီရတ် အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လုံခြုံရေးအရ အီရတ် သံရုံးမှာရှိတဲ့ ဝန်ထမ်းအများစုကို ယာယီ ရွှေ့ပြောင်းစေဖို့ အမေရိကန်က စီစဉ်နေကြောင်း သိရပါတယ်။