ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျားအဖွဲ့ကို လက်နက်စွန့်ဖို့၊ ဂါဇာကို ထိန်းချုပ်ထားခြင်းကနေ လက်လျှော့ဖို့ အာရပ်နဲ့ မွတ်ဆလင် နိုင်ငံတွေ ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။
ဒီအခြေအနေဟာ အရှေ့အလယ်ပိုင်း ဒေသအရေး စောင့်ကြည့် လေ့လာသူတွေအတွက် အံ့ဩစရာ အရွေ့တစ်ခုလည်း ဖြစ်လာပါတယ်။ အီရန်ရဲ့ မဟာမိတ် ဟားမားစ်တွေဟာ အစ္စရေးရဲ့ ခါးသီးရန်ဘက်ဖြစ်ပြီး လောလောဆယ် ဂါဇာမှာလည်း အစ္စရေးနဲ့ ဟားမားစ်ကြားက စစ်ပွဲဟာ နှစ်တွေနဲ့ချီ ကြာညောင်းပြီး ဆက်လက် ဖြစ်ပွားနေပါတယ်။
ဇူလိုင် ၃၀ ရက်နေ့မှာတော့ ဆော်ဒီအာရေးဘီးယား၊ ကာတာ၊ အီဂျစ်တို့လို ဩဇာကြီးမားတဲ့ အာရပ်နိုင်ငံတွေက ဟားမားစ်အနေနဲ့ လက်နက်စွန့်ဖို့၊ ဂါဇာကို ထိန်းချုပ်ထားတာကို လက်လွှတ်ပေးဖို့ ပထမဆုံးအကြိမ် ပူးတွဲတောင်းဆိုခဲ့ကြပါတယ်။
ဇူလိုင် ၂၉ ရက်နေ့က ဆော်ဒီအာရေးဘီးယားနဲ့ ပြင်သစ် အစိုးရတွေက ပူးတွဲ ကမကထ ပြုခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံ တစ်ခုမှာ ဥရောပ သမဂ္ဂ (EU)နိုင်ငံ အားလုံး၊ အဖွဲ့ဝင် ၂၂ နိုင်ငံ ပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်နဲ့ တခြားနိုင်ငံ ၁၇ ခုတို့က အဲဒီ ဘုံသဘောတူညီချက်ကို စုပေါင်း လက်မှတ်ရေးထိုးခဲ့ပြီး နောက်တစ်နေ့မှာတော့ တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာတော့ ပါလက်စတိုင်း အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းမှုတွေအပေါ် ထောက်ခံ အားပေးဖို့၊ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်တဲ့ ဖြေရှင်းမှု နည်းလမ်း လက်တွေ့ အကောင်အထည် ပေါ်လာအောင် ဝိုင်းဝန်း ကြိုးစားဖို့ ဆိုတာတွေကို သဘောတူခဲ့ကြပါတယ်။
လောလောဆယ်မှာတော့ ပါလက်စတိုင်း နယ်မြေတွေဖြစ်တဲ့ ဂါဇာနဲ့ အနောက်ဖက် ကမ်းခြေဒေသတို့ရဲ့ အုပ်ချုပ်မှုဟာ ဟားမားစ်နဲ့ ပါလက်စတိုင်း အာဏာပိုင် အစိုးရကြားမှာ သီးခြားစီ ဖြစ်နေပါတယ်။ ဒါပေမဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှာတော့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကသာ ပါလက်စတိုင်း နယ်မြေ အားလုံးကို သင့်တော်တဲ့ နိုင်ငံတကာ ထောက်ခံကူညီမှုတွေနဲ့အတူ တာဝန်ယူ အုပ်ချုပ်ခွင့် ရှိသင့်တယ်လို့ ပါရှိခဲ့ပါတယ်။
ပြီးတော့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ရပ်ဆိုင်းဖို့အတွက် ဟားမားစ်ဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး လက်နက်တွေကို ပါလက်စတိုင်း အာဏာပိုင် အစိုးရဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ သဘောထားကိုလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီ ကြေညာချက်ရဲ့ လားရာကတော့ ဟားမားစ်တွေ လက်နက် စွန့်ပြီးတဲ့ အချိန်ကျရင် ပါလက်စတိုင်း အာဏာပိုင် အစိုးရက ဦးဆောင်ပြီး နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေး ဆိုတာကို ဦးတည်ထားတဲ့ အဓိပ္ပါယ်ပါ။
အဲဒီအခြေအနေမျိုးမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုကို ကူညီဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့ဆီက တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးလိုတဲ့ သဘောထားမျိုး ကြားသိရတဲ့အတွက် အားရမိတယ်လို့လည်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ပြင်သစ် အစိုးရကတော့ အခုသဘောတူ ကြေညာချက်ဟာ မကြုံစဖူး သမိုင်းဝင် အချိုးအကွေ့ တစ်ခုဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ကြေညာချက်ထဲမှာတော့ လက်ရှိ ဂါဇာ စစ်ပွဲ စတင်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်နယ်မြေတွေကို ဟားမားစ်တွေက အလစ်စီးနင်း တိုက်ခိုက်ခဲ့မှုကိုလည်း ရှုတ်ချထားပါတယ်။
ဟားမားစ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရသူတွေရဲ့ မိသားစုဝင်တွေ စုပေါင်း ထူထောင်ထားတဲ့ ဓားစာခံနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ ဖိုရမ်ကလည်း အခုကြေညာချက်ကို ချီးကျူး ကြိုဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အာရပ် အဖွဲ့ချုပ် ကိုယ်တိုင်က ဂါဇာမှာ ဟားမားစ်ရဲ့ ကြီးစိုးမှု အဆုံးသတ်ဖို့ လိုပြီ ဆိုတာကို လက်ခံလိုက်တာဟာ အရေးကြီးတဲ့ တိုးတက်မှု တစ်ခုလို့ ယူဆကြောင်း အဲဒီ ဖိုရမ်ကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာမှာ ဟားမားစ်ရဲ့ ဖြစ်တည်မှု လုံးဝ ပြီးဆုံး ပျောက်ကွယ်သွားတာ သေချာတဲ့ထိ အစ္စရေးက စစ်ဆင်ရေးတွေ ဆက်လုပ်နေမယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစ္စရေးရဲ့ လိုလားချက်နဲ့ ကိုက်ညီနေပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ပါလက်စတိုင်းနဲ့ နှစ်ပြည်ထောင် ပူးတွဲရပ်တည်ရေး ဆိုတာဟာ အစ္စရေး အစိုးရက တူးတူးခါးခါး ဆန့်ကျင်တဲ့ မူဝါဒမျိုး ဖြစ်နေဆဲပါ။ ဆော်ဒီအာရေးဘီးယားကတော့ ရေရှည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်ရေးဆိုတဲ့ စိတ်ကူးကို ပြန်အသက်သွင်းဖို့လိုကြောင်း တဖွဖွ ပြောဆိုထားပါတယ်။
နေတန်ညာဟုကတော့ နှစ်ပြည်ထောင် ယှဉ်တွဲရပ်တည်ရေးဆိုတဲ့ စိတ်ကူးဟာ အစ္စရေးရဲ့ ရှင်သန် ရပ်တည်မှုနဲ့ လုံခြုံရေးကို အကြီးအကျယ် ထိပါး ခြိမ်းခြောက်စေလိမ့်မယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။
ကိုးကား: CNN



















































