လူ့သမိုင်းမှာ ပထမဆုံး နျူကလီးယား တိုက်ခိုက်မှုကြီး ဖြစ်ခဲ့တဲ့ ဟီရိုရှီးမားမြို့ အနုမြူ ဗုံးကြဲမှု နှစ် ၈၀ ပြည့် အောက်မေ့ကြေကွဲမှု အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
ဂျပန် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၆ ရက်နေ့က ဟီရိုရှီးမားမြို့မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန် စစ်တပ်ဟာ ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နေ့တုန်းက ဂျပန်ရဲ့ ဟီရိုရှီးမား မြို့ပေါ်ကို အနုမြူဗုံး ကြဲချခဲ့ပြီး နောက်ထပ် ၃ ရက်အကြာမှာတော့ နာဂါစကီမြို့ကို နောက်ထပ် အနုမြူဗုံးတစ်လုံး ထပ်ကြဲခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် ဟီရိုရှီးမားမှာ လူပေါင်း ၉၀၀၀၀ ကနေ ၁၆၆၀၀၀ လောက်ထိ သေဆုံးခဲ့ပြီး နာဂါစကီမှာလည်း လူ ၆၀၀၀၀ ကနေ ၈၀၀၀၀ လောက်ထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် ဂျပန်စစ်တပ်က လက်နက်ချခဲ့ပြီး ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခဲ့ပါတယ်။
ဂျပန်ဟာ စစ်ပွဲမှာ အနုမြူဗုံး ကြဲတာကို ခံရတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တယ်လို့ မြို့ရဲ့ အထိမ်းအမှတ် ပန်းခြံထဲမှာ ကျင်းပတဲ့ အခမ်းအနားမှာ မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဂျပန်ဟာ စစ်မှန်တဲ့၊ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူ အားလုံးကို ကိုယ်စားပြုလိုပါတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement
အနုမြူဗုံးတွေ ကြဲချချိန်က လူပေါင်း သောင်းဂဏန်းလောက်ဟာ ချက်ချင်း အငွေ့ပြန် ပျောက်ကွယ်ပြီး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အများအပြားကလည်း ဓာတ်ရောင်ခြည်သင့်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြို့နှစ်မြို့မှာ ဂျပန်တပ်တွေက ထိန်းသိမ်းထားတဲ့ အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင် နှစ်ဒါဇင် ဝန်းကျင်ဟာလည်း အဲဒီ ဗုံးကြဲမှုတွေကြောင့် သေဆုံးခဲ့ပါတယ်။
ဖြစ်ရပ်ဆိုးကြီးကို မျက်မြင် ကြုံတွေ့ခဲ့ပြီး ဒီနေ့ထိ အသက်ရှင်နေသူတွေ ရှိနေသလို အချိန်တိုင်း ခြောက်လှန့် ခံနေရပါတယ်။ ဟီရိုရှီးမားမှာ အနုမြူဗုံး ကြဲချိန်က အသက် ၆ နှစ်သာ ရှိသေးသူ ရှင်ဂိုနိုင်တိုက သူ့ဖခင်ရဲ့ အရေပြားတွေ ဆိုးဆိုးရွားရွား လောင်ကျွမ်းခဲ့ပြီး မျက်လုံးလည်း ကွယ်သွားခဲ့ကြောင်း၊ သူ့ဖခင်ဟာ မသေဆုံးခင် အချိန်တွေမှာ အရေပြားတွေက ပျော့တွဲကျကုန်ပြီး သူ့လက်ကိုတောင် မဆုပ်ကိုင်နိုင်လောက်တဲ့ထိ ချိနဲ့သွားခဲ့ကြောင်း ပြောပြပါတယ်။ နိုင်တိုဟာ ဖခင်အပြင် သူ့ထက်ငယ်တဲ့ မောင်နှမ နှစ်ဦးကိုလည်း အဲဒီ ဖြစ်ရပ်ဆိုးကြီးထဲမှာ ဆုံးရှုံးခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ ဟီရိုရှီးမား တိုက်ခိုက်မှုမှာ အသက်ရှင် ကျန်ရစ်သူတွေ စုစည်းထားတဲ့ နျူကလီးယား ဆန့်ကျင်ရေး အဖွဲ့အစည်း နီဟွန် ဟီဒန်ကျိုဟာ အဲဒီ ရည်မှန်းချက်ကို ဆယ်စုနှစ်ပေါင်းများစွာ မမှိတ်မသုန် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။
ဟီရိုရှီးမား မြို့တော်ဝန် မတ်ဆူအီက မျက်မှောက်ကာလမှာတော့ ကမ္ဘာ့နိုင်ငံ အများအပြားဟာ စစ်အင်အား ချဲ့ထွင် စုဆောင်းမှုတွေ အရှိန်မြှင့်နေတာ၊ နျူကလီးယား လက်နက်တွေဟာ နိုင်ငံလုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ သဘောထားမျိုး ဆွဲကိုင်လာတာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်း သတိပေးသွားပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ဟီရိုရှီးမား အပါအဝင် သမိုင်းကြောင်းက ကြေကွဲစရာ သင်ခန်းစာတွေကို လည်ပြန်ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
သူက ဂျပန်အစိုးရ အနေနဲ့ နျူကလီးယား စစ်လက်နက်တွေကို ပိတ်ပင်ဖို့ နိုင်ငံပေါင်း ၇၀ ကျော်လောက်က သဘောတူ လက်မှတ်ရေးထိုးထားတဲ့ (TPNW)စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင် အသက်ဝင်တဲ့ အဲဒီ စာချုပ်ကို အမေရိကန်၊ ရုရှားတို့လို နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတွေကတော့ ဆန့်ကျင်ထားကြပါတယ်။
သမိုင်းတလျှောက် အနုမြူဗုံးကြဲတာ ခံရတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ ဂျပန်ကလည်း အဲဒီစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။ အကြောင်းကတော့ နိုင်ငံရဲ့ လုံခြုံရေးအတွက် မဟာမိတ် အမေရိကန်ဆီက နျူကလီးယား စစ်လက်နက်တွေကို လိုအပ်တယ်လို့ ဂျပန်အစိုးရက ယူဆထားလို့ ဖြစ်ပါတယ်။
ကိုးကား: BBC
https://www.bbc.co.uk/news/articles/cm2v58qrjq0o


















































