Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝါရှင်တန် ဒီစီမှာ အမေရိကန် အရန်တပ်ဖွဲ့ဝင် ၈၀၀ ကို စတင်ဖြန့်ကျက်

ဝါရှင်တန်ဒီစီ မြို့တော် ဧရိယာမှာ အမေရိကန်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့ဝင် ၈၀၀ ကို ဖြန့်ကျက်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော် ဧရိယာမှာ အမေရိကန်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့ဝင် ၈၀၀ ကို ဖြန့်ကျက်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနလည်းဖြစ်တဲ့ ပင်တဂွန်က ဝါရှင်တန်ဒီစီမှာ ဖြန့်ကျက်မယ့် အရန်တပ်တွေဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို နယ်မြေလုံခြုံရေး မစ်ရှင်တွေမှာ အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။

ထရမ့်က ဝါရှင်တန်ဒီစီ မြို့တော်တဝိုက်မှာ မှုခင်းတွေ၊ အိမ်ခြေရာမဲ့တွေ တိုးပွားလာတာကို ခါးခါးသီးသီး ဝေဖန်ထားပြီး ဝါရှင်တန်ဒီစီကို ကမ္ဘာပေါ်မှာ အလုံခြုံဆုံး မြို့တော်တစ်ခုအဖြစ် ပြန်လည် ပြောင်းလဲပစ်မယ်လို့ ကြုံးဝါးထားပါတယ်။

ဇွန်လတုန်းက လော့စ်အန်ဂျလိစ်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်ခဲ့တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အရန်တပ်တွေကို ထရမ့်က စေလွှတ် ဖြန့်ကျက်စေခဲ့သလို အခုအခါ မြို့တော် နယ်မြေမှာလည်း ဝါရှင်တန်ဒီစီ အခြေစိုက် အရန်တပ်ဖွဲ့ဝင်တွေကို ထုတ်သုံးလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပင်တဂွန်ကတော့ အရန်တပ်အင်အား ၈၀၀ ဟာ ဝါရှင်တန် ဒီစီကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဩဂုတ် ၁၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ သူတို့တွေဟာ ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့၊ ဖက်ဒရယ် အစိုးရ လက်အောက်ခံ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ မိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး မြို့တော်ထဲက အထိမ်းအမှတ် နေရာတွေ၊ လူနေရပ်ကွက်တွေ လုံခြုံရေးအတွက် ကူညီ ကင်းလှည့်ပေးသွားမယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကင်စလေ ဝီလ်ဆန်က ပြောကြားသွားပါတယ်။

ဝါရှင်တန် ဒီစီမှာ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး အခြေအနေတွေ စိတ်ချရတဲ့ထိ အရန်တပ်တွေကို ဆက်ပြီး ဖြန့်ကျက်ထားဖို့ သမ္မတက ဆုံးဖြတ်ထားကြောင်းလည်း သူက ဆိုပါတယ်။

အမေရိကန် ကြည်းတပ်က သီးခြား ထုတ်ပြန်ရာမှာတော့ အရန်တပ်တွေဟာ ဝါရှင်တန်ဒီစီရဲ့ အဓိကျတဲ့ နေရာတွေမှာ ထင်သာမြင်သာ ဖြန့်ကျက်ထားပြီး ရာဇဝတ်မှုတွေကို ကြိုတင်ဟန့်တားမယ့် အစီအမံမျိုးအတွက် တာဝန်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။ အရန်တပ်တွေက သံသယရှိသူတွေကို ဖမ်းဆီးတာ၊ ရှာဖွေတာ၊ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို တိုက်ရိုက် ကြီးကြပ်တာတွေကိုတော့ လုပ်ဆောင်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ချက်ချင်းလက်ငင်း အန္တရာယ် ပေးလာနိုင်တယ်လို့ ယုံကြည်ရတဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်မှု အခွင့်အာဏာတော့ ပိုင်ဆိုင်ထားကြောင်း ကြည်းတပ်က ဆိုပါတယ်။

ထရမ့်က ကိုယ့်မြို့တော် ကိုယ်ပြန်ယူမယ်လို့ ကြွေးကြော်ပြီး ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ကို ဖက်ဒရယ် အစိုးရက ထိန်းချုပ်ကြောင်းနဲ့ အရန်တပ်တွေ မြို့ထဲမှာ ဖြန့်ကျက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဝါရှင်တန်ဒီစီဟာ အစဉ်အလာအရ ဒီမိုကရက်တစ် ပါတီ အားကောင်းတဲ့ နယ်မြေဖြစ်ပေမယ့် ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီကတော့ မြို့ထဲမှာ ဒုစရိုက်မှုတွေ ထူပြောနေတာ၊ အိမ်ခြေရာမဲ့ ပြဿနာ ကြီးထွားနေတာ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတွေ ရှုပ်ထွေးနေတာတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားကြပါတယ်။

စစ်တမ်းတွေ အရတော့ ဝါရှင်တန်ဒီစီမှာ ကပ်ရောဂါ ကာလအလွန် ဒုစရိုက်မှုခင်းတွေ တိုးလာခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၄ အထိ အတောအတွင်းမှာတော့ မှုခင်းဖြစ်ပွားနှုန်းက အကျဖက် ပြန်လည် ဦးတည်သွားကြောင်း ဖော်ပြထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။