Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် ဖျက်သိမ်းဖို့ ထိုင်းဘုရင်ဆီ ယာယီဝန်ကြီးချုပ်က ခွင့်ပြုချက် တောင်းခံ

လက်ရှိမှာ ဝန်ကြီးချုပ်ရာထူးနေရာ လစ်လပ်နေချိန် အတောအတွင်း လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တရားဝင် ပန်ကြားစာ တင်လိုက်ကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လက်ရှိမှာ ဝန်ကြီးချုပ်ရာထူးနေရာ လစ်လပ်နေချိန် အတောအတွင်း လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တရားဝင် ပန်ကြားစာ တင်လိုက်ကြောင်း ထိုင်းယာယီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ အာဏာရ ဖျူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရက တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲခံရမှုကြောင့် ထိုင်းအခြေခံ ဥပဒေ ခုံရုံးက သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းတွေ အရတော့ ထိုင်းလွှတ်တော်ဟာ ဝန်ကြီးချုပ်အသစ် တစ်ဦးကို မဲပေး ရွေးချယ်ရမှာ ဖြစ်ပေမယ့် ပြိုင်ဘက် ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်း ပါတီက အစိုးရသစ်ဖွဲ့ဖို့ အလားအလာ ကောင်းသွားချိန်မှာ ဖျူထိုင်းက လွှတ်တော်ကို ဖျက်သိမ်းနိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဘွန်ဂျိုင်ထိုင်း ပါတီဟာ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရရှိအောင် ညှိနှိုင်းနိုင်ခဲ့တဲ့နောက် ဝန်ကြီးချုပ် နေရာအတွက် လုံလောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် မဲအရေအတွက် ရရှိဖို့ သေချာနေပြီလို့ ဘွန်ဂျိုင်ထိုင်း ခေါင်းဆောင် အညူတင် ချန်ဗီရာကူလ်က စက်တင်ဘာ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မကြာခင်မှာပဲ ဖျူထိုင်းပါတီရဲ့ လက်ရှိ ယာယီဝန်ကြီးချုပ်ဖြစ်သူ ဖုမ်သမ် ဝီချာရာချိုင်က သူ့ရဲ့ အစိုးရအဖွဲ့ဟာ လွှတ်တော် ဖျက်သိမ်းစေဖို့အတွက် ထိုင်းဘုရင်ဆီ ခွင့်ပြုချက် တောင်းခံလိုက်ကြောင်း ပြောကြားခဲ့တာပါ။ ယာယီအစိုးရ တစ်ရပ်ဟာ လွှတ်တော်ဖျက်သိမ်းပိုင်ခွင့်ကို တောင်းဆိုလို့ ရမရ ဆိုတာက အငြင်းပွားစရာ ကိစ္စ ဖြစ်နေပေမယ့် တကယ်လို့ ဘုရင်ကသာ ခွင့်ပြုပေးလိုက်မယ်ဆိုရင် နောက်ထပ် ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရမှာပါ။

ထိုင်းနိုင်ငံရေး အကဲခတ်တွေကတော့ ဘုရင် မဟာဗဂျီရာလောင်ကွန်းဟာ ဖျူထိုင်းရဲ့ တောင်းဆိုမှုကို ခွင့်ပြုဖွယ်ရှိပြီး လပိုင်းအတွင်း ထိုင်းမှာ ရွေးကောက်ပွဲ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပစေဖို့ ဆိုတာဟာ အညူတင်ကို ထောက်ခံဖို့ သဘောတူထားတဲ့ ပြည်သူ့ပါတီရဲ့ အဓိက လိုလားချက် တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူ့ပါတီ အကြီးအကဲ နတ်သာပေါင် ရွန်ပတ်ယာဝတ်က သူ့ပါတီ ထောက်ခံမှုနဲ့ အညူတင် ဝန်ကြီးချုပ် ဖြစ်လာရင်တောင် လေးလအတွင်း လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးပါ့မယ်ဆိုတဲ့ သဘောတူညီမှုကို ကြိုတင် တောင်းခံထားခဲ့ကြောင်း အစောပိုင်းက ပြောကြားထားပါတယ်။

အခုတော့ ဖျူထိုင်းက လွှတ်တော် ဖျက်သိမ်းစေရေး လမ်းကြောင်းကို ဦးတည် ရွေးချယ်လာတဲ့နောက် ပြည်သူ့ပါတီ အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာကို မသိရသေးပါဘူး။ ပြည်သူ့ပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက လွှတ်တော်အမတ်နေရာ အများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီ (Future Forward)ပါတီကို နာမည်ပြောင်း ဖွဲ့စည်းထားတာပါ။

ဖေထောင်ထန်ရဲ့ နေရာ ဆက်ခံမယ့် ဝန်ကြီးချုပ်သစ် နေရာအတွက် ဖျူထိုင်းက အဆိုပြုမယ့် ပုဂ္ဂိုလ်အစား အညူတင်ကို ပြည်သူ့ပါတီက ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ ဖျူထိုင်းပါတီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်လည်း ဖြစ်လာပါတယ်။ ဖျူထိုင်းပါတီဟာ ရှီနာဝတ်ထ် မင်းဆက်လို့ တင်စားခံရတဲ့ ဩဇာကြီးမားတဲ့ ထိုင်းနိုင်ငံရေး မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ လတ်တလော ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဖေထောင်ထန်အပြင် သူ့ရဲ့ဖခင် သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လက်ခ်တို့ဟာလည်း ထိုင်းဝန်ကြီးချုပ်တွေ အသီးသီး ဖြစ်ခဲ့ဖူးပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ဟာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

လစ်လပ်နေတဲ့ ဝန်ကြီးချုပ် နေရာမှာ အစားထိုး ပုဂ္ဂိုလ် တင်မြှောက်ဖို့အတွက် ထိုင်းလွှတ်တော်ဟာ စက်တင်ဘာ ၅ ရက်နေ့မှာ မဲပေး ဆုံးဖြတ်မှု ခံယူသွားမယ်လို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ တွေ့ရတဲ့ ဒရုန်းတွေက ရန်လို ခြိမ်းခြောက်တယ်လို့ ယူဆရရင် လိုအပ်သလို တုံ့ပြန်ဖို့ ထိုင်း ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က ညွှန်ကြားလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆိုမယ့် အစီအစဉ်ကို ထိုင်းယာယီ ဝန်ကြီးချုပ်က ထောက်ခံသွားခဲ့ပါတယ်။