Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါ ဆန္ဒပြပွဲတွေ အင်အားသုံး ဖြိုခွင်းခံရပြီး ၁၉ ဦးထက်မနည်း သေဆုံး

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

ဓာတ်ပုံ - AP

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ဟာ ခေတ်သစ် နီပေါ နိုင်ငံရေး သမိုင်းကြောင်းမှာ သွေးအစွန်းဆုံး နေ့တစ်နေ့လည်း ဖြစ်လာပါတယ်။ ခတ္တမန္ဒူ မြို့တော်မှာ Gen Zတွေလို့ ကြွေးကြော်ထားတဲ့ လူငယ်တွေဟာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နီပေါအစိုးရဟာ Facebook၊ YouTubeနဲ့ Xတို့လို လူမှုကွန်ရက် မီဒီယာတွေ အပါအဝင် တရားဝင် မှတ်ပုံတင်မထားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အွန်လိုင်း ပလက်ဖောင်း ၂၆ ခုကို စက်တင်ဘာ ၅ ရက်နေ့မှာ ပိတ်ချလိုက်တာကြောင့် သုံးစွဲသူတွေက ဒေါသတကြီး တုံ့ပြန်လာတာပါ။ အဲဒီကနေ ဆန္ဒပြမှုတွေ စတင်လာပြီး ခန္တမန္ဒူအပြင် တခြားမြို့ တချို့ကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ အဲဒီ ပိတ်ပင်မှုတွေကို ရုပ်သိမ်းပေးဖို့အပြင် အစိုးရ အတွင်းပိုင်းက အဂတိ ထူပြောမှုတွေကို တိုက်ဖျက်ပေးဖို့ပါ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြသူတွေကို ရဲတွေက ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့သလို ဆန္ဒပြသူတွေကလည်း လွှတ်တော်တဝိုက်မှာ သံစည်းရိုးနဲ့ အတားအဆီးတွေ ချပြီး ပိတ်ထားတဲ့ နေရာတွေဆီ အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာတော့ ပိတ်ထားတဲ့ လူမှုကွန်ရက် မီဒီယာတွေနဲ့ အွန်လိုင်း ပလက်ဖောင်းတွေက နီပေါမှာ ပြန်လည် အသုံးပြုလို့ ရလာနေကြောင်း သိရပါတယ်။ ဆန္ဒပြပွဲတွေ အရှိန်တက်ခဲ့တဲ့ စက်တင်ဘာ ၈ ရက်မှာတော့ ခတ္တမန္ဒူမှာ ၁၇ ဦး၊ ဆွန်ဆာရီမှာ ၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ပြီး လူပေါင်း ၄၀၀ လောက်လည်း ဒဏ်ရာတွေ ရခဲ့ပြီး အဲဒီထဲက လေးပုံတစ်ပုံဟာ ရဲတွေလို့ ဆိုပါတယ်။

အခုပြဿနာတွေ ဖြစ်ပွားခဲ့တဲ့နောက် ပြည်ထဲရေးဝန်ကြီး ရာမက်ရှ် လက်ခ်ဟက်ဟာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက အစိုးရ အစည်းအဝေး တစ်ခုမှာတင် နုတ်ထွက်သွားခဲ့ပါတယ်။ ဆန္ဒပြ လူငယ်တစ်ဦးက သူတို့ဟာ လိုလားချက်တွေကို အေးအေးဆေးဆေး တောင်းဆိုခဲ့ကြပေမယ့် အစိုးရက အကြမ်းဖက်ပြီး တုံ့ပြန်ခဲ့တယ်လို့ ပြစ်တင်ရှုတ်ချသွားပါတယ်။

သူက ရဲတွေဟာ ရာဘာကျည်ဆန်တွေသာ မကဘဲ ကျည်အစစ်တွေကိုပါ အသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ သတ္တုကျည်ဆန် တစ်ခုက သူ့လက်ကို ထိမှန်ပြီး အသားစတွေ စုတ်ပြဲသွားခဲ့ကြောင်း၊ ဆရာဝန်က သူဟာ ခွဲစိတ်မှု ခံယူရမယ်လို့ ပြောခဲ့ကြောင်း အသက် ၂၀ အရွယ် အီမန် မာဂမ်က ပြောပါတယ်။

နောက်ထပ် ဆန္ဒပြ လူငယ်တစ်ဦးကလည်း ဒီဖြစ်စဉ်မှာ အစိုးရဟာ အာဏာရှင် ဗီဇ ကိန်းအောင်းနေတယ်ဆိုတဲ့ အရှိတရားကို ကွက်ကွက်ကွင်းကွင်း ထုတ်ပြလိုက်တယ်လို့ ဝေဖန်သွားပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ကတော့ ဒဏ်ရာရထားသူတွေကို ဆေးရုံတွေဆီ အပူတပြင်း ပို့ဆောင်တဲ့ လူနာတင်ယာဉ် ဥဩသံတွေ တစ်မြို့လုံးအနှံ့ ဆူညံနေခဲ့ပါတယ်။ ခန္တမန္ဒူ ပြည်သူ့ဆေးရုံ ပြန်ကြားရေး အရာရှိ ရန်ဂျာနာ နီပဲလ်က ဆေးရုံထဲမှာ အခုလောက် ရှုပ်ထွေးပြီး ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာမျိုး မတွေ့ခဲ့ဖူးကြောင်း ပြောပါတယ်။ ရဲတွေ ပစ်ခတ်တဲ့ မျက်ရည်ယိုဗုံးတွေဟာ ဆေးရုံဝင်းထဲကိုပါ ကျခဲ့ပြီး ဆရာဝန်တွေ အလုပ်လုပ်ရတာတောင် ခက်ခဲနေခဲ့တယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂက အခုအခြေအနေနဲ့ ပတ်သက်လို့ ထိရောက်မြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းမှုတွေ လုပ်ဆောင်ပေးဖို့ နီပေါအစိုးရကို တောင်းဆိုထားပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြီး စွပ်စွဲခဲ့ပါတယ်။

နီပေါ အစိုးရဟာ အရင်ကလည်း လူမှုကွန်ရက် ဝန်ဆောင်မှု တချို့ကို အသုံးပြုခွင့် ပိတ်ပင်တာတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ ဇူလိုင်လတုန်းကဆိုရင် ငွေကြေး လိမ်လည်သူတွေ ခြေရှုပ်လာတာ၊ ငွေကြေးခဝါချမှုတွေ တိုးပွားလာတာတွေနဲ့ ဆက်စပ်ပြီး ပြည်တွင်းမှာ Telegram အသုံးပြုခွင့်ကို ပိတ်ခဲ့ပါတယ်။

အရင်ကလည်း TikTokကို ပြည်တွင်းအသုံးပြုခွင့် ပိတ်ထားရာကနေ ကုမ္ပဏီဖက်က နီပေါအစိုးရရဲ့ သတ်မှတ် စံနှုန်းတွေကို လိုက်နာဖို့ ကတိပေးတော့မှ မနှစ်က ဩဂုတ်လမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

Facebook