ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေမှာ အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို တလွဲ အသုံးချနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့တုန်းက UNSCမှာ ဂါဇာစစ်ပွဲ ချက်ချင်းရပ်တန့်ရေး အဆိုတင်မှု တစ်ခုကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တဲ့နောက် တရုတ်က အခုလို ဝေဖန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဆိုဟာ ဂါဇာမှာ စစ်ပွဲ ချက်ချင်းရပ်ဖို့၊ ပါလက်စတိုင်း ပြည်သူတွေဆီ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့မှုတွေအပေါ် အစ္စရေးရဲ့ ကန့်သတ်ချက်တွေ ပယ်ဖျက်ပစ်ဖို့၊ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံး ချက်ချင်း ပြန်လွတ်ရေး ဖိအားပေးဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။
UNSC အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ၁၄ နိုင်ငံက ခြွင်းချက်မရှိ ထောက်ခံမဲ ပေးခဲ့ပေမယ့်လည်း အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဗီတိုအာဏာပိုင်တဲ့ အမေရိကန်က ပယ်ချခဲ့တာပါ။ အစ္စရေးနဲ့ ဟားမားစ်ကြား ၂ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း ဂါဇာပဋိပက္ခနဲ့ ပတ်သက်လို့ UNSC ဆွေးနွေး အဆိုပြုချက်တွေမှာ ဒါဟာ အမေရိကန်က ၆ ကြိမ်မြောက် ဗီတိုအာဏာသုံး ပယ်ချခြင်းလည်း ဖြစ်လာပါတယ်။
အစ္စရေးရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ အခုနောက်ဆုံး ပယ်ချတဲ့ အဆိုပြုချက်ထဲမှာ ဟားမားစ်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ရှုတ်ချ ပြစ်တင်မှုတွေ ရှိမနေခဲ့ဘူးလို့ စွပ်စွဲသွားပါတယ်။ အစ္စရေးစစ်တပ်က ဂါဇာစီးတီးမြို့ကို အလုံးစုံ ထိန်းချုပ် သိမ်းယူဖို့ မြေပြင်ထိုးစစ်ကြီး စတင်လာတဲ့ အချိန်မှာ UNSC မဲပေးမှုကို လုပ်ဆောင်ခဲ့ပေမယ့် အမေရိကန်ရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

Public Service Announcement
အမေရိကန်က ဗီတိုအာဏာ သုံးခဲ့တာနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ အရမ်းစိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်ကြီး ဖူကောင်းက ပြောကြားခဲ့ပါတယ်။ သူက အမေရိကန် အနေနဲ့ UNSCရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခု ပီသတဲ့ တာဝန်ယူမှုမျိုးတွေ ပြသဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးတော့ သူက ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ပါလက်စတိုင်း ဘယ်နှယောက်ရဲ့ အသက်တွေ သေပေးရမလဲလို့လည်း မေးခဲ့ပါသေးတယ်။
ငြိမ်းချမ်းရေးဆိုတာ အင်အားသုံး လုပ်ယူလို့ မရသလို လုံခြုံရေး ဆိုတာကလည်း အကြမ်းဖက် နည်းလမ်းနဲ့ တည်ဆောက်လို့ မရဘူးလို့ ဖူက ဆက်ပြောပါတယ်။ နောက်ပြီး လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်ခြင်းကို လက်နက် တစ်ခုလုံး အသုံးချနေတာ လက်ခံနိုင်စရာ မဟုတ်သလို နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
ဖူက အစ္စရေး အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို အပြည့်အဝ လေးစားလိုက်နာပြီး ဂါဇာဆီ အထောက်အပံ့တွေ ဝင်ရောက်နိုင်ရေးအတွက် လမ်းဖွင့်ပေးဖို့ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ အပြုအမူတွေဟာ UNSCက ဂါဇာကိစ္စနဲ့ ပတ်သက်ပြီး ထိရောက် အားကောင်းတဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်နိုင်စွမ်း မရှိအောင် ကြားဝင်နှောင့်ယှက်ရာ ရောက်နေတယ်လို့လည်း ဖူက ရှုတ်ချသွားခဲ့ပါတယ်။
အမေရိကန်ကတော့ ကုလသမဂ္ဂရဲ့ မဲပေးမှုတွေမှာ အငြင်းအခုံတွေ ရှိလာတိုင်း မဟာမိတ် အစ္စရေးကို ဗီတိုအာဏာသုံး အကာအကွယ်ပေးလေ့ရှိတာ အစဉ်အလာတစ်ခု ဖြစ်နေပါပြီ။ ရှားပါး အခြေအနေအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ကာတာပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွက် UNSCရဲ့ ရှုတ်ချမှုကို အမေရိကန်က ပါဝင် ထောက်ခံပေးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို အစ္စရေးက ကျူးလွန်တာ ဖြစ်ပေမယ့်လည်း ရှုတ်ချတဲ့ ထဲမှာတော့ အစ္စရေးကို နာမည်မတပ်ဘဲ ချန်လှပ်ထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Bloomberg





















































