Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်သင့်တာကို ဆက်လုပ်မယ်လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ နေတန်ညာဟု ကြုံးဝါး

နိုင်ငံတကာ ဆန့်ကျင်မှုတွေ ရှိနေရင်တောင်မှ ဂါဇာကိစ္စမှာ အစ္စရေးဟာ လုပ်သင့်တာကို ဆက်လုပ်မှာပဲလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

နိုင်ငံတကာ ဆန့်ကျင်မှုတွေ ရှိနေရင်တောင်မှ ဂါဇာကိစ္စမှာ အစ္စရေးဟာ လုပ်သင့်တာကို ဆက်လုပ်မှာပဲလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

နယူးယောက်မှာ စက်တင်ဘာ ၂၆ ရက်နေ့တုန်းက နေတန်ညာဟု မိန့်ခွန်း ပြောကြားနေချိန်အတွင်း ကုလသမဂ္ဂ အစည်းအဝေး ခန်းမဆောင်ထဲကနေ နိုင်ငံ အများအပြားရဲ့ သံအရာရှိတွေ ထွက်ခွာသွားပြီး အစ္စရေးကို ဆန္ဒပြခဲ့ခြင်းက အတော်လေး ကသောင်းကနင်း အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဂါဇာကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးဟာ နိုင်ငံတကာမှာ ပိုပြီး အထီးကျန် ရပ်တည်လာနေတယ် ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာလို့လည်း သတ်မှတ်နိုင်ပါတယ်။

နေတန်ညာဟုကတော့ စကားပြော စင်မြင့်မှာ သူတက်ပြီး နေရာယူချိန် ကတည်းက ထထွက်သွားတဲ့ နိုင်ငံအတော်များများရဲ့ သံအရာရှိတွေကို သိပ်ပြီး အလေးထားဟန် မရှိဘဲ မိန့်ခွန်းကို ဆက်ပြောခဲ့ပါတယ်။ အဲဒီအချိန် အစည်းအဝေး ခန်းမထဲမှာ အတော်လေး လူသူနည်းပါးသွားခဲ့ပြီး ဖြစ်ပါတယ်။

နေတန်ညာဟုက ‘ကျိန်စာ’လို့ သူ့ဖာသာ နာမည်ပေးထားတဲ့ မြေပုံတစ်ခုကိုလည်း ထုတ်ပြခဲ့ပါတယ်။ အဲဒီ မြေပုံကတော့ အစ္စရေးရဲ့ ရန်သူတော် အီရန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေက အရှေ့အလယ်ပိုင်းမှာ ဘယ်လိုဘယ်ပုံ ဖြန့်ကျက် နေရာယူထားသလဲ ဆိုတာကို ပြသနေတာလို့ နေတန်ညာဟုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူက ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးကို သိမ်းယူဖို့ အစ္စရေးရဲ့ လက်ရှိ အားထုတ် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးလည်း အစ္စရေးဟာ လုပ်စရာ ရှိတာကို အမြန်ဆုံး ပြီးအောင် ဆက်လုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ သူက ဂါဇာစီးတီးဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ နောက်ဆုံးလက်ကျန် အင်အားစုတွေ အခြေစိုက်ရာ နယ်မြေလို့ စွပ်စွဲခဲ့ပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့ အစိုးရ အားလုံးကိုလည်း သူက ဝေဖန်ခဲ့ပါတယ်။ သူကတော့ ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာဖို့ ဆိုတာကို တူးတူးခါးခါး ဆန့်ကျင် တားဆီးသွားမယ်လို့ နေတန်ညာဟုက အသိပေးခဲ့သလို အဲဒီရပ်တည်ချက်ကို အစ္စရေးပြည်သူ အများစုက ထောက်ခံတယ်လို့လည်း ပြောပါတယ်။

နောက်ပြီး ဂါဇာက စစ်ဆင်ရေးတွေအတွင်း အစ္စရေး တပ်တွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း နေတန်ညာဟုက ပယ်ချခဲ့ပြီး အခြေအမြစ် မရှိတဲ့ စကားတွေလို့ တုံ့ပြန်သွားပါတယ်။ နောက်ပြီး ထောက်ပံ့ရေး လမ်းကြောင်းတွေကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်နေတာကြောင့် ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုတွေ အစပြုလာရတယ်ဆိုတဲ့ ကုလသမဂ္ဂ အေဂျင်စီ တချို့ရဲ့ တွေ့ရှိချက်ကိုလည်း သူက ငြင်းဆန်သွားပါတယ်။

ကုလသမဂ္ဂမှာ မိန့်ခွန်း မပြောခင် ကတည်းက အစ္စရေး အစိုးရဟာ ဂါဇာရောက် စစ်တပ်တွေကို အသံချဲ့စက်တွေ တပ်ဆင်ခိုင်းထားပြီး နေတန်ညာဟုရဲ့ မိန့်ခွန်းကို တိုက်ရိုက် ထုတ်လွှင့်စေခဲ့ပါတယ်။ သူက ဂါဇာမှာ ဟားမားစ်တွေ ဖမ်းဆီးထိန်းသိမ်းထားတာ ခံရဆဲ အစ္စရေး ဓားစာခံတွေဆီ လိပ်မူပြီး ကုလသမဂ္ဂကနေ မိန့်ခွန်းပြောရာမှာ သူတို့ကို မေ့လျော့နေမှာ မဟုတ်ကြောင်း၊ အားလုံးကို အိမ်ပြန်မခေါ်နိုင်မချင်း အစ္စရေးက လက်လျှော့မှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။

အစ္စရေးမှာတော့ အတိုက်အခံ အင်အားစုတွေက နေတန်ညာဟုရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ယဲရ်လာပစ်ဒ်က လိုတာထက် အကဲပိုတဲ့ ထွင်လုံးတွေ အများကြီး သုံးထားတဲ့ မိန့်ခွန်း တစ်ခုနဲ့အတူ ငြီးငွေ့စရာကောင်းပြီး ဇာတ်နာပြနေတဲ့ အစ္စရေး ဝန်ကြီးချုပ် တစ်ယောက်ကို မြင်ခဲ့ရတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အစ္စရေးအပေါ် ဖိအားပေးနေတဲ့ သံတမန်ရေး ဆူနာမီလှိုင်းတွေကို တားရမယ့်အစား အစ္စရေးအတွက် အခြေအနေ ဆိုးသထက်ဆိုးသွားအောင် နေတန်ညာဟုက လုပ်ပြလိုက်တာပဲလို့လည်း သူက ဆိုပါတယ်။

အစ္စရေး ဒီမိုကရက်တစ်ပါတီ အကြီးအကဲ ယဲဂိုလန်ကလည်း မိန့်ခွန်း တိုက်ရိုက် ထုတ်လွှင့်ဖို့ အသံချဲ့စက်တွေ ဆင်ခိုင်းတဲ့ နေတန်ညာဟုရဲ့ အမိန့်နဲ့ ပတ်သက်ပြီး မူမမှန်တဲ့၊ ကလေးကလားဆန်တဲ့၊ ရူးသွပ်တဲ့ ဝါဒဖြန့် စတန့်သက်သက်သာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဆူပူမာန်မဲခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။