Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယား အမတ်ဟောင်းကို ဘန်ကောက်မှာ လုပ်ကြံခဲ့တဲ့ သေနတ်သမား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ကမ္ဘောဒီးယား လွှတ်တော် အမတ်ဟောင်းကို လူမြင်ကွင်းမှာ လုပ်ကြံ သတ်ဖြတ်ခဲ့သူကို ထိုင်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘောဒီးယား လွှတ်တော် အမတ်ဟောင်းကို လူမြင်ကွင်းမှာ လုပ်ကြံ သတ်ဖြတ်ခဲ့သူကို ထိုင်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ ရောက်ရှိနေစဉ် အတောအတွင်း ကမ္ဘောဒီးယား အတိုက်အခံ အမတ်ဟောင်း လင်မ်ကင်ယာကို ညီဖြစ်သူနဲ့ ဇနီးသည် ရှေ့မှာတင် သေနတ်သမား တစ်ဦးက သုံးချက် ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၄၁ နှစ်အရွယ် လူသတ်သမား အက်ကာလက် ပေနွိုင်ကို နောက်တစ်နေ့မှာတော့ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံမှာ ခြေရာခံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် ကင်ယာကို လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဩဇာကြီးမားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက တိုက်ရိုက် ဆက်နွှယ် ပတ်သက်နေတယ်လို့ အတိုက်အခံ အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ဟွန်ဆန်းရဲ့ သားဖြစ်သူ ဟွန်မာနတ် ဦးဆောင်နေတဲ့ လက်ရှိ ကမ္ဘောဒီးယား အစိုးရကတော့ ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာတော့ ဘန်ကောက် ရာဇဝတ် တရားရုံး တရားသူကြီးက အမှုမှာ ကျူးလွန်သူဟာ သေဆုံးသူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားခံဟာ ပြစ်မှုကျူးလွန်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့တဲ့အတွက် သူ့ရဲ့ ပြစ်ဒဏ်ကိုတော့ ထောင်ဒဏ်တစ်သက်အဖြစ် လျှော့ပေါ့ သတ်မှတ်ပေးလိုက်တယ်လို့ တရားရုံးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အက်ကာလက်ဟာ ထိုင်းနိုင်ငံသား၊ မော်တော်ဆိုင်ကယ် တက္ကစီသမားတစ်ဦး ဖြစ်ပါတယ်။ သူက လူသတ်မှုကို ကျူးလွန်ခဲ့တယ် ဆိုတာကိုလည်း ဝန်ခံထားပါတယ်။ တရားသူကြီးက လူသတ်သမားရဲ့ လူသတ်မှု ကျူးလွန်ခြင်း နောက်ကွယ်က အကြောင်းရင်းနဲ့ ကြိုးကိုင်စေခိုင်းသူ ရှိမရှိ ဆိုတာတွေကိုတော့ စီရင်ချက်ထဲမှာ ထည့်ပြောမသွားပါဘူး။

ကွယ်လွန်သူရဲ့ ပြင်သစ်နိုင်ငံသူ ဇနီးသည် အန်းမာရီလင်မ်ရဲ့ ရှေ့နေကတော့ ဒီနေ့ စီရင်ချက်အပေါ် ကျေနပ်တဲ့တိုင် ပြစ်မှုအတွက် နောက်ကွယ်ကနေ ခိုင်းစေသူကို အန်းအနေနဲ့ သိချင်နေဆဲ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။ သူတို့ကတော့ တကယ့် တရားခံ အစစ်တွေဟာ ကမ္ဘာဒီးယားမှာ ရှိနေဆဲလို့ ယုံကြည်ပြီး သူတို့ကို ထိုက်တန်တဲ့ တရားမျှတမှုအတွက် အပြစ်ပေးနိုင်ရေး ထိုင်းအစိုးရက ကူညီဖို့ မျှော်လင့်ကြောင်း ရှေ့နေက ဆိုပါတယ်။

ဇန်နဝါရီလတုန်းကတော့ ထိုင်းရဲတွေက အက်ကာလက်ကို အဓိက ချိတ်ဆက် ညွှန်ကြားခဲ့တယ်လို့ ယူဆရတဲ့ ကမ္ဘောဒီးယား နိုင်ငံသား တစ်ယောက်ကိုလည်း ရှာဖွေနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ တရားခွင်မှာတော့ တရားသူကြီးက နောက်ထပ် ထိုင်းနိုင်ငံသား တစ်ဦးဖြစ်တဲ့ ချာကရစ် ဘူယက်ခီကို ကြံရာပါ အနေနဲ့ စွဲချက်တင်ထားတာကို ပယ်ချပေးခဲ့ပါတယ်။ သူက အက်ကာလက်ကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ထိ ပို့ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်းပါ။ ဒါပေမဲ့ ချာကရစ်ရဲ့ ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ ဘာတွေဖြစ်ခဲ့မှန်း ဘာမှမသိဘဲ ရိုးရိုးသားသားပဲ အက်အာလက်ကို နယ်စပ် ပို့ပေးခဲ့ရုံသာ ဖြစ်တယ်လို့ အခိုင်အမာ ခုခံ လျှောက်လဲခဲ့ပါတယ်။

ထိုင်းမီဒီယာ တချို့က အက်ကာလက်ဟာ အခုလူသတ်မှုကြောင့် ဘတ် ၆၀၀၀၀ လောက် ပိုက်ဆံရခဲ့တယ်လို့ ဖော်ပြနေပေမယ့် ရဲတွေကတော့ အက်ကာလက်ဟာ ကျေးဇူးကြွေး တစ်ခုကို ပြန်ဆပ်ဖို့ အခုလုပ်ရပ်ကို ကျူးလွန်ခဲ့ပြီး ငွေကြေးအတွက် မဟုတ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။

သေဆုံးသူ အမတ်ဟောင်းဟာ ၂၀၂၃ ခုနှစ်ထိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း လွှတ်တော် အမတ် အနေနဲ့ တာဝန်ယူထားသူ ဟွန်ဆန်းရဲ့ ခါးသီးတဲ့ ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ခြင်း ခံထားရပါတယ်။ ဟွန်ဆန်းရဲ့ အစိုးရဟာ အတိုက်အခံ အင်အားစုတွေကို အင်အားသုံး ဗိုလ်ကျပြီး ဖြိုခွင်းမှုတွေကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဘတ်စ်ကားကို ဝင်တိုက်ခဲ့တဲ့ ရထားရဲ့ စက်ခေါင်း မောင်းသူက မူးယစ်ဆေး သုံးစွဲလေ့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ရဲတွေက ပြောပါတယ်။