ဂျပန်နိုင်ငံဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး ဝန်ကြီးချုပ် တစ်ဦးကို တင်မြှောက်နိုင်ဖို့ အရမ်းနီးစပ်လာပြီ ဖြစ်ပါတယ်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီရဲ့ ခေါင်းဆောင်သစ် ရွေးချယ်မှုမှာ ဆာနေး တာကိုင်ချီက အနိုင်ရခဲ့တဲ့နောက် သူဟာ ဝန်ကြီးချုပ် အရိုက်အရာကို ဆက်ခံနိုင်တော့မယ့် သဘောပါ။ အာဏာရပါတီရဲ့ ခေါင်းဆောင်သစ်ဟာ ဝန်ကြီးချုပ် နေရာကိုလည်း ရယူလေ့ ရှိပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ရှီရီဂူ အီရှီဘာက သူဟာ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း၊ ပါတီခေါင်းဆောင်သစ် ရွေးချယ်မှု ပြီးဆုံးတဲ့ အချိန်ထိသာ နိုင်ငံကို ယာယီ ဆက်လက် ဦးဆောင်နေမှာဖြစ်ကြောင်း စက်တင်ဘာလမှာ ကတည်းက ကြေညာထားပါတယ်။
တာကိုင်ချီဟာ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီရဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်သူတွေထဲမှာ ကွန်ဆာဗေးတစ် အမြင်ဖက် ပိုယိမ်းသူ တစ်ဦးအဖြစ် သတ်မှတ် ခံရပါတယ်။ အသက် ၆၄ နှစ်အရွယ် တာကိုင်ချီဟာ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ်ဆိုရင် ဂျပန်နိုင်ငံ သမိုင်းမှာတော့ ပထမဆုံး ရွေးကောက်ခံ ခေါင်းဆောင် အမျိုးသမီး အနေနဲ့ မှတ်တမ်းဝင်လာမှာပါ။

Public Service Announcement

သူဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အရှုပ်အထွေးတွေ၊ အရှက်ရစရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ပါတီရဲ့ ပုံရိပ်ကို ပြန်လည် သန့်စင်ဖို့ လိုအပ်သလို စီးပွားရေး တိုးတက်မှု နှေးကွေးတာ၊ ကုန်စျေးနှုန်း မြင့်တက်တာ၊ လုပ်ခလစာ တိုးပေးနိုင်စွမ်း လျော့နည်းတာမျိုး ပြဿနာတွေနဲ့ ကြုံနေတဲ့ နိုင်ငံ အခြေအနေကိုလည်း ကုစားပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး အဓိက မဟာမိတ် အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေးမှာ ခန့်မှန်းရခက်တဲ့ စိန်ခေါ်မှုတွေ ကြုံနေတာကိုလည်း ပဲ့ထိန်း ကိုင်တွယ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။
တာကိုင်ချီဟာ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ မာဂရက် သက်ချာကို အထူးလေးစား အားကျသူ ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာတော့ ဂျပန်မှာ မဲဆန္ဒရှင် အမျိုးသမီး အများစုက တာကိုင်ချီရဲ့ စွမ်းဆောင်ရည်အပေါ် သံသယ ဝင်နေတယ်လို့ ဆိုပါတယ်။ တာကိုင်ချီဟာ ထူးခြား သိသာတဲ့ တိုးတက်မှု ဖြစ်စဉ်တွေကို ဦးဆောင်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသမီး မဲဆန္ဒရှင် အများစုက သဘောထား မှတ်ချက် ပေးထားပါတယ်။
တာကိုင်ချီဟာ အမျိုးသမီးတွေ လက်ထပ်ပြီးရင် သူတို့ရဲ့ မျိုးရိုးနာမည်ကို ဆက်ထိန်းထားခွင့် ရှိတယ် ဆိုတာကို ဆန့်ကျင်သူဖြစ်ပြီး လိင်တူ ထိမ်းမြားခွင့်ကိုလည်း လုံးဝ လက်မခံတဲ့ ကွန်ဆာဗေးတစ် စစ်စစ် တစ်ဦးပါ။ ကွယ်လွန်သူ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ လက်ရင်းတပည့်လည်းဖြစ်တဲ့ တာကိုင်ချီက အာဘေး လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ စီးပွားရေး မူဝါဒတွေကို ပြန်လည် အသက်သွင်းဖို့ အမြဲတမ်း အာသီသ ပြင်းပြနေသူ ဖြစ်ပါတယ်။
နောက်ပြီး သူဟာ ဂျပန်ရဲ့ အလုံးစုံ စစ်ဆန့်ကျင်ရေး သဘောထား မူဝါဒကိုလည်း လက်မခံလိုဘဲ လုံခြုံရေးဆိုင်ရာ အစီအမံသစ်တွေအတွက် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်ဖို့ ဆော်ဩထားပါတယ်။ ဂျပန်နိုင်ငံ သမိုင်းမှာ စစ်ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်ခံထားရသူတွေကိုပါ ထည့်သွင်းရည်ရွယ် တည်ဆောက်ထားလို့ အငြင်းပွားစရာတွေ ဖြစ်နေတဲ့ ယာဆူကူနီ အောက်မေ့မှု ဗိမာန်ကိုလည်း တာကိုင်ချီက မကြာခဏ သွားရောက်လေ့ ရှိပါတယ်။
အရင်ကတော့ ဂျပန်မှာ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဟာ အင်အား အပြတ်အသတ် အသာစီးရလို့ လွှတ်တော်ကို ထိန်းချုပ်နိုင်တဲ့ ပါတီ ဖြစ်ခဲ့တာကြောင့် ပါတီခေါင်းဆောင်ဟာ အလိုလို ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အင်အားအတောင့်တင်းဆုံးအဖြစ် ဆက်လက် ဦးဆောင်နေပေမယ့် သောင်ပြိုကမ်းပြို အနိုင်မရခဲ့တော့တာကြောင့် တာကိုင်ချီဟာ လွှတ်တော်ရဲ့ အတည်ပြုချက် ရမှသာ ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ ဒါဟာ လုပ်ထုံးလုပ်နည်း လိုအပ်ချက်သာဖြစ်ပြီး လွှတ်တော်ထဲမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြမယ့် အခြေအနေမျိုးတော့ မရှိဘူးလို့ ဂျပန်နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
ကိုးကား: BBC
















































