Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မရွန်း ရွေးကောက်ပွဲမှာ သမ္မတ ဘိုင်ယာ ၈ ကြိမ်မြောက် အနိုင်ရ၊ အသက် ၁၀၀ နီးပါးထိ ဆက်အုပ်ချုပ်ဖို့ရှိနေ

အငြင်းပွားမှု၊ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်ဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ အနိုင်ရသွားပြီး အသက် ၁၀၀ နီးပါးထိ နိုင်ငံကို ဆက်လက် အုပ်စိုးဖို့ စီစဉ်နေပါပြီ။

ဓာတ်ပုံ - Reuters

အငြင်းပွားမှု၊ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်ဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ အနိုင်ရသွားပြီး အသက် ၁၀၀ နီးပါးထိ နိုင်ငံကို ဆက်လက် အုပ်စိုးဖို့ စီစဉ်နေပါပြီ။

အသက် ၉၂ နှစ်အရွယ် ကင်မရွန်း သမ္မတ ပေါလ်ဘိုင်ယာက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အဋ္ဌမမြောက် သမ္မတသက်တမ်းကို ဆက်လက် တာဝန်ယူသွားမယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကင်မရွန်းမှာ သမ္မတသက်တမ်း တစ်ကြိမ်အတွက် သတ်မှတ်ကာလက ၇ နှစ် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ဘိုင်ယာဟာ ထောက်ခံမဲ အရေအတွက် ၅၃.၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး အတိုက်အခံ အင်အားစုတွေ ဝိုင်းဝန်းထောက်ခံထားကြတဲ့ အိုင်ဆာ ချီရိုမာ ဘာကာရီကတော့ ၃၅.၂ ရာခိုင်နှုန်းသာ ထောက်ခံမဲ ရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘိုင်ယာရဲ့ မဟာမိတ်ဟောင်း ဖြစ်ခဲ့ဖူးသူ ဘာကာရီက ရွေးကောက်ပွဲ ရလဒ်တွေကို မကြေညာခင်မှာ တကယ်တမ်း အနိုင်ရသူဟာ သူသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရ ကင်မရွန်း ပြည်သူ့ ဒီမိုကရက်တစ် လှုပ်ရှားမှု ပါတီ (CPDM)ကတော့ အဲဒီစကားကို ပယ်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မရွန်း ရွေးကောက်ပွဲကို အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး သွေးထွက်သံယို ပဋိပက္ခတွေကြောင့် အရှုပ်အထွေးတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘာကာရီကို ထောက်ခံသူတွေက ဆန္ဒပြခွင့် တားဆီး ပိတ်ပင်ထားတာကို ဖီဆန်ပြီး မြို့ကြီးတချို့မှာ ဘိုင်ယာရဲ့ အာဏာချုပ်ကိုင် ကြီးစိုးမှုကို ဆန့်ကျင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ကြေညာတဲ့ နေ့မှာတင် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး ဂါရူအာမြို့မှာရှိတဲ့ ဘာကာရီရဲ့ နေအိမ်နားမှာတင် ဆန္ဒပြသူတချို့ ပစ်သတ် ခံခဲ့ရကြောင်း သိရပါတယ်။ အဲဒီ မတိုင်ခင် တစ်ရက်ကလည်း ကင်မရွန်းရဲ့ စီးပွားရေး မြို့တော် ဒူအာလာမှာ ဆန္ဒပြသူ ၄ ယောက်ကို ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ရဲတွေက စတင်တိုက်ခိုက် ခံရလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘာကာရီကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေအပေါ် အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး သူ့အိမ်ရှေ့မှာတင် ငြိမ်းငြိမ်းချမ်းချမ်း စုဝေးနေသူတွေကို အနီးကပ်တေ့ပြီး ပစ်ခတ် သတ်ဖြတ်နေခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေဖက်က ဖြေရှင်းမှု မရှိသေးပါဘူး။ မြို့တော် ယွန်ဒေးမှာလည်း အခြေအနေတွေက အေးစက် တင်းမာနေပြီး အောက်တိုဘာ ၂၇ ရက်နေ့ထိ ဆိုင်တွေ၊ ကျောင်းတွေ ပိတ်ထားရဆဲ ဖြစ်ပါတယ်။ ဝန်ထမ်း တော်တော်များများလည်း ရုံးမတက်ကြပါဘူး။

သမ္မတက ဘိုင်ယာက သူ့ကို နောက်တစ်ကြိမ် ယုံကြည်ပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်တယ်လို့ ပြောကြားသွားပါတယ်။ အခုအချိန်မှာတော့ အားလုံးအတူ စုပေါင်းပြီး ငြိမ်းချမ်းတဲ့၊ စည်းလုံးတဲ့၊ သာယာဝပြောတဲ့ ကင်မရွန်းနိုင်ငံဆီ ဦးတည် ချီတက်ဖို့ပဲ သူ့အနေနဲ့ အလေးအနက် မျှော်လင့်ထားပါတယ်လို့ သမ္မတက ဆိုပါတယ်။

ကင်မရွန်း ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဘယ်လိုဘူဘာ မိုင်ဂါရီ အပါအဝင် သမ္မတဟောင်း ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၅၈ ရာခိုင်နှုန်းက မဲရုံတွေဆီ လာရောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တာကြောင့် စစ်ဆေးပေးဖို့ တင်ပြတောင်းဆိုမှု အနည်းဆုံး ၁၀ ခုလောက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကောင်စီက ပယ်ချခဲ့ပါတယ်။

ယွန်ဒေး မြို့ခံတွေကတော့ ရွေးကောက်ပွဲမှာ ဘိုင်ယာက မှန်မှန်ကန်ကန် အနိုင်ရခဲ့တယ် ဆိုတာကို မယုံကြည်ကြောင်း ပြောခဲ့ပြီး အငြင်းပွားမှုတွေ ပြည့်နှက်နေတဲ့ ရလဒ်ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ စီးပွားရေးက ဆိုးဆိုးရွားရွား ထိုးကျနေပြီး အဂတိကိစ္စတွေက ကပ်ရောဂါလို ပျံ့နှံ့နေကြောင်း၊ နေရာတိုင်းမှာ မူမမှန်တာ၊ မှားယွင်းတာတွေ ပြည့်နေကြောင်း၊ အခုတော့ ဒီအခြေအနေတွေ ဆက်ပြီး ရှည်ကြာနေမယ့် အိပ်မက်ဆိုးကြီးက ဆက်မယ်နေမှာ သေချာသွားကြောင်း လူငယ်တစ်ဦးက ပြောပါတယ်။

ဘိုင်ယာဟာ ၁၉၈၂ ခုနှစ်မှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူဟာ ရွေးကောက်ပွဲဝင်ခွင့် အကြိမ်ရေ ကန့်သတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကနေ ဖယ်ရှားစေခဲ့ပြီး သမ္မတအဖြစ် အကန့်အသတ် တာဝန်ယူခွင့်ကို ရယူခဲ့ပါတယ်။ သူယှဉ်ပြိုင်ခဲ့သမျှ ရွေးကောက်ပွဲတွေ အားလုံးမှာ မဲအပြတ်အသတ်ချည်း အနိုင်ရခဲ့ပြီး လက်ရှိ တစ်ကြိမ်က ပြိုင်ဘက်နဲ့ ရလဒ် ကွာဟချက် အကျဉ်းမြောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ အုပ်စိုးမှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသုံးပြုထားတဲ့ ဘုရင်စနစ်နဲ့ တူလာတယ်လို့တောင် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

သူဟာ လူမြင်ကွင်းကို သိပ်ထွက်လေ့ မရှိသလို ကင်မရွန်းမှာလည်း နေထိုင်တာ နည်းပါတယ်။ အချိန်အများစုကိုတော့ ဆွစ်ဇာလန်မှာရှိတဲ့ ဟိုတယ်တွေမှာပဲ ဘိုင်ယာက ဖြတ်သန်း အချိန်ကုန်လေ့ ရှိပါတယ်။ အဲဒီလိုမျိုး လူမြင်ကွင်းကနေ အကြာကြီးတွေ ပျောက်နေတတ်လို့လည်း သူသေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေ ခဏခဏ ထွက်ခဲ့ဖူးပါတယ်။

သူ့လက်ထက်မှာ နိုင်ငံရဲ့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ သိသိသာသာ ချဲ့ထွင်ဖွင့်လှစ်လာနိုင်တာ၊ နိုက်ဂျီးရီးယားနဲ့ ပိုင်နက် အငြင်းပွားနေတဲ့ ဘာကာဆီ ကျွန်းဆွယ်ကိစ္စကို ကိုင်တွယ် ဖြေရှင်းတာတွေနဲ့ ပတ်သက်ရင် ချီးကျူး အသိအမှတ်ပြု ခံရပေမယ့် ဝေဖန်ခံရတဲ့ တခြား အကြောင်းတရားတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံ အနောက်ပိုင်းမှာ အုံကြွနေတဲ့ ခွဲထွက်ရေး အဖွဲ့တွေကို မနှိမ်နင်းနိုင်တာ၊ လူငယ်တွေကြားမှာ အလုပ်လက်မဲ့ ပြဿနာ အရမ်းကြီးထွားနေတာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြား အခြေခံ အဆောက်အအုံတွေ ယိုယွင်းပျက်စီးတာကို မဖြေရှင်းနိုင်တာတွေက သူ့အပေါ် လူထုအမြင်ကို အနုတ်လက္ခဏာ ဆောင်လာစေပါတယ်။

တစ်ချိန်က အေးချမ်းသာယာတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တဲ့ ကင်မရွန်းမှာ ရွေးကောက်ပွဲ ရလဒ်က လူထုအမြင်ကို အမှန်တကယ် မထင်ဟပ်စေဘူးဆိုရင် နိုင်ငံရေး အကျပ်အတည်းထဲ ကျဆင်းသွားနိုင်တယ်လို့လည်း နိုင်ငံရေး အကဲခတ်တွေက သတိပေး ပြောကြားထားကြပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။