Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်အိမ်ရာ မီးလောင်မှုမှာ သေဆုံးသူ ၄၄ ဦးထိ မြင့်တက်လာ၊ ၃ ဦး အဖမ်းခံထားရ

ဟောင်ကောင်မှာ အထပ်မြင့်တိုက်တွေပါတဲ့ အိမ်ရာကြီး မီးလောင်ခဲ့မှုမှာ သေဆုံးသူ အရေအတွက်က ၄၄ ဦးထိ မြင့်တက်လာပြီး ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ဟောင်ကောင်မှာ အထပ်မြင့်တိုက်တွေပါတဲ့ အိမ်ရာကြီး မီးလောင်ခဲ့မှုမှာ သေဆုံးသူ အရေအတွက်က ၄၄ ဦးထိ မြင့်တက်လာပြီး ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဟောင်ကောင်မြောက်ပိုင်း တိုင်ပိုရပ်ကွက်မှာရှိတဲ့ Wang Fuk Court အိမ်ရာထဲက ပြန်လည်မွမ်းမံ ပြင်ဆင်နေတဲ့ အထပ်မြင့် တိုက်ကြီးတွေမှာ နိုဝင်ဘာ ၂၆ ရက်နေ့က မီးလောင်ခဲ့တာပါ။ တိုက်တစ်လုံးကနေ စတင်တဲ့မီးဟာ တိုက်အပြင်ဖက် နံရံတွေမှာ ဆင်ထားတဲ့ ဝါးငြမ်းတွေကြောင့် လျင်လျင်မြန်မြန် ကူးစက်ပြီး တခြား အဆောက်အအုံတွေပါ မီးသင့်ကုန်တာ ဖြစ်ပါတယ်။

ဝါးငြမ်းတွေအပြင် သုံးစွဲထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေမှာလည်း မီးလောင်လွယ်တဲ့ အမျိုးအစားတွေ ပါနေလို့ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တာလို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ဟာ အဆောက်အအုံတွေထဲက မီးကို အလုံးစုံ ငြှိမ်းသတ်နိုင်ဖို့ ညလုံးပေါက် အလုပ်လုပ်ခဲ့ပြီး ကယ်ဆယ်ရေးတွေကတော့ မီးလောင်ပြင်တွေမှာ ရုပ်အလောင်းတွေကို ဖြန့်ကျက် ရှာဖွေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် အထပ်အမြင့်ပိုင်းတွေမှာ ပိတ်မိနေနိုင်တဲ့ နေထိုင်သူတွေကို ရှာဖွေဖို့ အားထည့်နေကြပေမယ့် တချို့နေရာတွေမှာတော့ အပူလွန်ကဲပြီး မီးခိုးထုတွေ အလုံးအရင်း ရှိနေတာကြောင့် ဝင်ရောက်ဖို့ ခက်နေခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းအထိ ရုပ်အလောင်း ၄၄ ခု ရှာတွေ့ထားပြီး ၃၀၀ လောက် ပျောက်ဆုံးနေတယ်လို့ ကြေညာထားပေမယ့် သေဆုံးစာရင်း မြင့်တက်လာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။

အခုဖြစ်ရပ်ဟာ ဟောင်ကောင်မှာ အဆိုးရွားဆုံး မီးဘေးသင့်မှု တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ Wang Fuk Court အိမ်ရာမှာ အထပ်မြင့်တိုက်ကြီး ၈ လုံးပါဝင်ပြီး တိုက်ခန်း ၂၀၀၀ လောက် ဖွဲ့စည်းထားပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ တိုက်ကြီး ၄ ခုမှာ လုံးဝ မီးငြိမ်းသွားပြီဖြစ်ပြီး နောက်ထပ် တိုက် ၃ လုံးမှာတော့ ၁၅ နာရီလောက် ကြာပြီးတဲ့ထိအောင် အလုံးစုံ မီးမငြိမ်းသေးဘဲ ဖြစ်နေတယ်လို့ မီးသတ်တွေက ပြောပါတယ်။

မီးသတ်ဝန်ထမ်းတွေက အစွမ်းကုန် ကြိုးစားငြှိမ်းသတ်နေတဲ့တိုင် ၃၂ ထပ် မျှော်စင် အဆောက်အအုံကြီး အနည်းဆုံး နှစ်ခုကနေ မီးခိုးတွေ အူထွက်နေဆဲ ဆိုတာကို လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ တွေ့ရပါတယ်။

အဆောက်အအုံတွေ မွမ်းမံနေမှု လုပ်ငန်းခွင်မှာ မီးဘေး စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းဟာ ဆိုးရွားလှတဲ့ ပေါ့လျော့မှု၊ တာဝန်မဲ့မှု တစ်ခုဖြစ်ပြီး မီးလောင်မှုကို အရမ်းအခြေအနေ ဆိုးသွားစေခဲ့တယ်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့ အကြီးအကဲ အိုင်လင်းချွမ်က ပြောပါတယ်။ အခုအခါ ရဲတွေက အဲဒီ ပြင်ဆင်မွမ်းမံမှု လုပ်ငန်းခွင်ကို တာဝန်ယူတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ဒါရိုက်တာ နှစ်ယောက်နဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တို့ကို လူသေမှုတွေအတွက် ဖမ်းဆီးထားလိုက်ပါတယ်။

Wang Fuk Court မီးလောင်မှုဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဟောင်ကောင်မှာ အသေအပျောက် အများဆုံး မီးဘေးသင့်မှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံတစ်ခု မီးလောင်ချိန်က ၄၁ ဦး သေဆုံးခဲ့ဖူးပါတယ်။ အိမ်ရာ မီးလောင်မှုကို ၂၀၁၇ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ Grenfell မျှော်စင် အဆောက်အအုံ မီးလောင်မှုနဲ့လည်း နှိုင်းယှဉ်တာတွေ ရှိနေပါတယ်။ အဲဒီတုန်းကလည်း Grenfellမှာ အသုံးပြုထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေက မီးလောင်လွယ်တာတွေ ဖြစ်နေလို့ မီးကူးစက်မှု အရမ်းဆိုးသွားခဲ့တာလို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဟောင်ကောင် အစိုးရအဖွဲ့ ခေါင်းဆောင် ဂျွန်လီကတော့ လောလောဆယ်မှာ မီးကို အပြီးတိုင် ငြှိမ်းသတ်ဖို့၊ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့၊ ဒဏ်ရာရသူတွေကို ကူညီဖို့ကိုပဲ အဓိက ဦးစားပေးအဆင့် လုပ်ဆောင်နေကြောင်း ပြောပါတယ်။ အဲဒီနောက်ပိုင်းကျရင် မီးလောင်ကျွမ်းမှု အကြောင်းရင်းကို ထိထိရောက်ရောက် စုံစမ်း စစ်ဆေးသွားမယ်လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ထိ အခြေအနေအရ လူပေါင်း ၂၇၉ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ၉၀၀ ကျော်လောက်က ယာယီ ခိုလှုံရေး ဇုန်တွေမှာ နေထိုင်နေရကြောင်း သိရှိရပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။