Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင် အိမ်ရာ မီးလောင်မှုကြောင့် သေဆုံးသူ ရာဂဏန်းနီးပါး ရှိလာ

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အိမ်ရာ မီးလောင်မှုမှာ သေဆုံးစာရင်းဟာ ရာဂဏန်း နီးပါးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - AP

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အိမ်ရာ မီးလောင်မှုမှာ သေဆုံးစာရင်းဟာ ရာဂဏန်း နီးပါးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းတုန်းက ဟောင်ကောင်မြောက်ပိုင်း တိုင်ပိုရပ်ကွက်ထဲက Wang Fuk Court အထပ်မြင့် အိမ်ရာမှာ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ ၃၂ ထပ်တိုက် ၈ လုံးနဲ့ ဖွဲ့စည်းထားတဲ့ အိမ်ရာမှာ တိုက်တွေကို ဝါးငြမ်းတွေဆင်ပြီး ပြန်လည် မွမ်းမံ ပြင်ဆင်နေတာကြောင့်လည်း မီးစလောင်တဲ့အခါ ပိုပြီး မီးကူးစက် လွယ်သွားစေခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းထိ အခြေအနေအရ အိမ်ရာရဲ့ မီးကျွမ်းနေတဲ့ အပိုင်းတွေထဲကနေ အလောင်း ၉၄ ခုထိ ရှာတွေ့ထားပြီး ဖြစ်ပါတယ်။ ဒါဟာ တရုတ်က ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နှစ်ပေါင်း ၆၀ အတွင်း အသေအပျောက်အများဆုံး မီးဘေးသင့်မှုအဖြစ် မှတ်တမ်းဝင်သွားစေပါတယ်။

အခုအခါ တိုက်ကြီးတွေထဲက မီးကို အလုံးစုံနီးပါး ငြှိမ်းသတ်ခဲ့ပြီး ဖြစ်ပေမယ့် တချို့အပိုင်းတွေမှာတော့ မီးခိုးငွေ့ငွေ့တွေ ထွက်ပေါ်နေတာ မြင်နေရဆဲလို့ မြို့ခံတွေက ဆိုပါတယ်။ ဟောင်ကောင် အစိုးရ အဖွဲ့ခေါင်းဆောင် ဂျွန်လီက နိုဝင်ဘာ ၂၇ ရက်နေ့ထိ အခြေအနေအရ ပျောက်ဆုံးနေသူ ၂၇၉ ဦးရှိကြောင်း ပြောကြားခဲ့ပြီး သေဆုံးစာရင်း ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဝန်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

မီးသတ်တပ်ဖွဲ့တွေဟာ မီးလောင်ပြင် ဖြစ်နေတဲ့ တိုက်ခန်းတွေကို တစ်ထပ်ချင်းစီ တက်ရောက် ရှင်းလင်းရင်း ပိတ်မိနေခဲ့သူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ အာဏာပိုင်တွေက လက်ရှိမှာတော့ မီးငြှိမ်းသတ်ရေး၊ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အစီအစဉ်တွေကိုသာ အားထည့် လုပ်ဆောင်နေပြီး အဲဒီနောက်မှ မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကို ထဲထဲဝင်ဝင် စုံစမ်းသွားမယ်လို့ ပြောပါတယ်။

လက်ရှိရထားတဲ့ သေဆုံးစာရင်းမှာ မီးသတ်ဝန်ထမ်း ၁ ဦးလည်း ပါဝင်ခဲ့ပြီး စုစုပေါင်း ဒဏ်ရာရသူ အရေအတွက်ကတော့ ၇၀ ကျော်ပါတယ်။ အများစုက အပူလောင်တာနဲ့ အသက်ရှူ မွန်းကျပ်တာတွေကြောင့် ဆေးရုံရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ မီးဟာ အဆောက်အအုံ တစ်ခုရဲ့ ဝါးငြမ်းကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် တိုက် ၈ လုံးထဲက ၇ လုံးကို ပျံ့နှံ့ ကူးစက်သွားခဲ့ပါတယ်။ အဆောက်အအုံတွေရဲ့ ဓာတ်လှေကားတလျှောက် အထပ်တိုင်းက ပြတင်းပေါက်တွေမှာလည်း မီးလောင်လွယ်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထည့်သွင်း တည်ဆောက်ထားတာကြောင့် အခြေအနေကို ပိုဆိုးသွားစေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လောလောဆယ်မှာတော့ ဟောင်ကောင် ရဲတပ်ဖွဲ့ဟာ အဆောက်အအုံတွေ ပြန်လည် မွမ်းမံ ပြင်ဆင်ရာမှာ မီးဘေးအန္တရာယ် လျှော့ချရေး စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဝါးငြမ်းတွေ အသုံးပြုခဲ့မှုနဲ့ သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ထိပ်တန်း အရာရှိ ၃ ဦးကို ဖမ်းဆီးထားပါတယ်။ သူတို့ဟာ လူအများအပြား သေဆုံးစေမှုအတွက် တရားစွဲဆို ခံရဖွယ် ရှိနေပါတယ်။

အိမ်ရာ မီးလောင်မှုအပြီး ဟောင်ကောင်မှာတော့ မီးဘေး လုံခြုံရေးနဲ့ ပတ်သက်လို့ ကြပ်မတ် စံနှုန်းတွေကို သေချာ ပြန်လည် ဆန်းစစ်ဖို့ တောင်းဆိုသံတွေလည်း ပိုမို ကျယ်လောင်လာပါတယ်။ အထူးသဖြင့် မီးဘေး ကြုံလာချိန် Wang Fuk Court အိမ်ရာထဲမှာ နေထိုင်သူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းနိုင်ဖို့ အခက်ကြုံခဲ့တဲ့အပေါ် ဝေဖန်သံတွေ ကျယ်လောင်လာခဲ့ပါတယ်။

အဲဒီအိမ်ရာကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်တည်ဆောက်ခဲ့ပြီး တိုက်ခန်းပေါင်း ၂၀၀၀ လောက် ဖွဲ့စည်းထားပါတယ်။ ဟောင်ကောင်ရဲ့ အဂတိ တိုက်ဖျက်ရေး ဌာနက ဒီဖြစ်စဉ်မှာ လုံခြုံရေး စံနှုန်းတွေနဲ့ မညီညွတ်တာကို မျက်ကွယ်ပြုပေးဖို့ အဂတိ လိုက်စားခဲ့တဲ့ ကိစ္စမျိုးတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ပြောကြားထားပါတယ်။

ဟောင်ကောင် အစိုးရခေါင်းဆောင် လီက မီးဘေးသင့် ပြည်သူတွေအတွက် အစိုးရက ဟောင်ကောင်ဒေါ်လာ သန်း ၃၀၀၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၃၉ သန်း နီးပါးလောက် ထောက်ပံ့ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ Xiaomi၊ Xpeng၊ Geelyတို့လို ကုမ္ပဏီကြီးတွေနဲ့ Alibaba ကုမ္ပဏီ ထူထောင်သူ ဂျက်မား ထူထောင်ထားတဲ့ လူမှုအကျိုးပြု ဖောင်ဒေးရှင်းကလည်း မီးဘေး ဒုက္ခသည်တွေကို ဒေါ်လာ သန်းနဲ့ချီ ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းမယ်လို့ ကတိပေးထားကြပါတယ်။

ကိုးကား: Mirror

ဆက်စပ်သတင်းများ

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်မှာ အထပ်မြင့်တိုက်တွေပါတဲ့ အိမ်ရာကြီး မီးလောင်ခဲ့မှုမှာ သေဆုံးသူ အရေအတွက်က ၄၄ ဦးထိ မြင့်တက်လာပြီး ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။