နိုင်ငံ လေပိုင်နက်နားကို ရုရှား စစ်လေယာဉ်တစ်စီး ချဉ်းကပ်လာခဲ့တာကြောင့် ပိုလန်ရဲ့ တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး ကြားဖြတ် စောင့်ကြည့်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့မှာ ရုရှားစစ်တပ်ရဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စီးဟာ ဘောလ်တစ် ပင်လယ်ပြင်အထက် ပိုလန် လေပိုင်နက်နားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန် တိုက်လေယာဉ်တွေဟာ အရေးပေါ် ပျံတက်ပြီး ချဉ်းကပ်လာတဲ့ လေယာဉ်ကို မျက်မြင် စောင့်ကြည့်ခဲ့သလို နိုင်ငံတကာ ရေပြင်အထက်မှာ ပျံသန်းနေတဲ့ လေယာဉ်ကို ပိုလန်လေပိုင်နက်နဲ့ ဝေးရာဆီ ထွက်ခွာဖို့ အသိပေးခဲ့ကြောင်း သိရပါတယ်။
ရုရှားလေယာဉ်ကို ပိုလန်တိုက်လေယာဉ်တွေ ကြားဖြတ် ဟန့်တားတဲ့ နေရာဟာ နိုင်ငံရဲ့ လေပိုင်နက် နယ်နိမိတ်နဲ့ နီးနီးကပ်ကပ် ဖြစ်ခဲ့တယ်လို့လည်း ပိုလန် စစ်တပ်က ပြောပါတယ်။
အလားတူ ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံဖက်ခြမ်းကနေ ညပိုင်းအချိန်မှာ ပိုလန်လေပိုင်နက်ထဲကို ဓာတ်ငွေ့ဘောလုံးတွေ အပါအဝင် ဒါဇင်နဲ့ချီ များပြားတဲ့ အရာတွေ ပျံသန်း ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement
ခရစ္စမတ်ကာလမှာ အခုလို အငြင်းပွားစရာ ဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖန်တီးနေတာဟာ ရုရှားဖက်က ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့ လုပ်ရပ်လည်း ဖြစ်နိုင်တယ်လို့ ပိုလန် အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဘီလားရုစ်ဖက်ကနေ ဝင်ရောက်လာတဲ့ အရာတွေထဲက အနည်းဆုံး ၄ ခုဟာ မှောင်ခိုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတ်ငွေ့ ဘောလုံးတွေ ဖြစ်တယ်လို့တော့ ပိုလန်က အတည်ပြုထားပါတယ်။
ဒါပေမဲ့ အများပြည်သူ အနားယူနေတဲ့ အားလပ်ရက် ကာလတစ်ခုမှာ ပိုလန် လေပိုင်နက်ကို ပုံစံမျိုးစုံနဲ့ အုံလိုက်ကျင်းလိုက် ထိပါး နှောင့်ယှက်တဲ့ ကိစ္စက မရိုးရှင်းကြောင်း၊ လစ်သူယေးနီးယားမှာလည်း အလားတူ ကိစ္စတွေ လောလောလတ်လတ် ကြုံထားကြောင်း၊ ဒါဟာ မှောင်ခိုလုပ်ငန်းယောင်ဆောင်ပြီး ပိုလန်ကို ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့ လုပ်ရပ်လည်း ဖြစ်နိုင်ကြောင်း ပိုလန် အမျိုးသား လုံခြုံရေး ဗျူရိုက ထုတ်ပြန်ခဲ့ပါတယ်။
ဘီလားရုစ်ရဲ့ မှောင်ခိုလုပ်ငန်းသုံး ဘောလုံးတွေဟာ လစ်သူယေးနီးယား နိုင်ငံမှာလည်း လေကြောင်း ပျံသန်းမှု လမ်းကြောင်းတွေကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ရံဖန်ရံခါမှာ လေဆိပ်တွေကိုတောင် ယာယီ ပိတ်ခဲ့ရပါတယ်။ များသောအားဖြင့် ဘီလားရုစ် မှောင်ခိုသမားတွေဟာ ဓာတ်ငွေ့ ဘောလုံးတွေကို သုံးပြီး စီးကရက်တွေကို မှောင်ခို တင်သွင်းလေ့ ရှိပါတယ်။
NATO စစ်မဟာမိတ် အဖွဲ့ဝင်တွေရဲ့ ဥရောပ အရှေ့ဖက်စွန်းမှာ ရှိနေတဲ့ နိုင်ငံတွေဟာ စက်တင်ဘာ လကစပြီး ရုရှားရဲ့ လေပိုင်နက် ကျူးကျော် ခြိမ်းခြောက်နိုင်ခြေတွေနဲ့ ပတ်သက်လို့ ပိုပြီး သတိကြီးကြီး စောင့်ကြည့်နေပါတယ်။ စက်တင်ဘာလတုန်းက ရုရှား တိုက်လေယာဉ် ၃ စီးဟာ NATO အဖွဲ့ဝင် အက်စ်တိုးနီးယား နိုင်ငံရဲ့ လေပိုင်နက်ထဲကို ၁၂ မိနစ်ကြာ ကျူးကျော် ဝင်ရောက် ပျံသန်းခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ပိုလန် လေပိုင်နက်ထဲ ရုရှား ဒရုန်းပေါင်း အစင်း ၂၀ လောက် ဝင်ရောက်လာတာကို ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။
ကိုးကား: Reuters


















































