Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်တိုး ချမှတ်ခံရ

လက်ရှိ ထောင်ဒဏ် ကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ အာဏာအလွဲသုံးစားမှု၊ ငွေကြေး ခဝါချမှုတွေအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

လက်ရှိ ထောင်ဒဏ် ကျခံနေရတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ အာဏာအလွဲသုံးစားမှု၊ ငွေကြေး ခဝါချမှုတွေအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

အသက် ၇၂ နှစ်အရွယ် နာဂျစ်ဘ်ဟာ သူ့ရဲ့ အာဏာလက်ရှိ ကာလတုန်းက 1MDBလို့ အတိုကောက် ခေါ်ဝေါ်တဲ့ မလေးရှား ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခံရပြီးသားပါ။ နောက်တော့ မလေးရှား ဘုရင်ဟောင်းက သူ့ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၆ နှစ်ထိ လျှော့ချပေးခဲ့ပါတယ်။ လက်ကျန် ထောင်ဒဏ် ၆ နှစ်ထဲက ၃ နှစ်ကို ဖြတ်သန်းခဲ့တဲ့နောက် လက်ကျန် ပြစ်ဒဏ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲနိုင်ဖို့ နာဂျစ်ဘ်ရဲ့ ရှေ့နေတွေက ကြိုးစားခဲ့ပေမယ့်လည်း မလေးရှား တရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါကြောင့် နာဂျစ်ဘ်ဟာ လက်ကျန် ထောင်ဒဏ်ကိုလည်း အကျဉ်းခန်းထဲမှာပဲ ဖြတ်သန်းရမှာပါ။

နာဂျစ်ဘ်အတွက် ပိုပြီးဆိုးရွားတဲ့ အခြေအနေ တစ်ခုအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ သူဟာ နောက်ထပ် ထောင်ဒဏ် ၁၅ နှစ် ထပ်မံချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ တရားသူကြီးက နာဂျစ်ဘ်ဟာ အာဏာ အလွဲသုံးစားမှုအတွက် စွဲချက် ၄ ခုနဲ့ ငွေကြေး ခဝါချမှုအတွက် စွဲချက် ၂၁ ခုမှာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ထောင်ထဲရောက်နေတဲ့ နာဂျစ်ဘ်ဟာ 1MDB ကိစ္စနဲ့ ဆက်စပ်တဲ့ နောက်ထပ် စွဲချက်တွေကြောင့် ထောင်ဒဏ်ပြစ်ဒဏ် ထပ်တိုးလာတဲ့ သဘောပါပဲ။ ဒီဇင်ဘာ ၂၆ ရက်နေ့ စီရင်ချက်ဟာ ၇ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရားသူကြီးဟာ အဲဒီ ကာလတလျှောက် မျက်မြင်သက်သေ ၇၆ ဦးကို စစ်ဆေး မေးမြန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံး အပြီးသတ် စီရင်ချက်ကိုတော့ မလေးရှားရဲ့ အုပ်ချုပ်ရေး မြို့တော်ဖြစ်တဲ့ ပူထရာဂျာယာက တရားရုံးမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ နာဂျစ်ဘ် အတွက်တော့ 1MDB အမှုနဲ့ ပတ်သက်ပြီး တစ်ပတ်အတွင်းမှာ နှစ်ကြိမ်မြောက် ထိုးနှက်ချက်နဲ့ ကြုံခဲ့တာလို့ ဆိုနိုင်ပါတယ်။ ပထမအကြိမ်တုန်းက လက်ကျန်ပြစ်ဒဏ်အတွက် နေအိမ်အကျယ်ချုပ် ပြောင်းလဲကျခံခွင့် တောင်းဆိုမှု ပယ်ချခံရပြီး ဒုတိယ အကြိမ်မှာတော့ ထောင်ဒဏ် ၁၅ နှစ် တိုးသွားခဲ့တာပါ။

နာဂျစ်ဘ်ဟာ အာဏာအလွဲသုံးစားမှု စွဲချက် ၄ ခုအတွက် ထောင်ဒဏ် ၁၅ နှစ်စီနဲ့ ငွေကြေး ခဝါချမှု စွပ်စွဲချက် ၂၁ ခုအတွက် ထောင်ဒဏ် ၅ နှစ်စီ ချမှတ် ခံခဲ့ရတာပါ။ ဒါပေမဲ့ မလေးရှား ဥပဒေတွေအရ သူဟာ ပြစ်ဒဏ်ကာလတွေကို သီးခြား ကျခံစရာ မလိုဘဲ တစ်ပေါင်းတစည်းတည်း ကျခံခွင့်ရမှာ ဖြစ်ပါတယ်။

စီရင်ချက် ချမှတ်တဲ့ နေ့တုန်းက နာဂျစ်ဘ်ကို ထောက်ခံသူ တချို့ဟာ တရားရုံးရှေ့မှာ လာရောက် စုဝေးခဲ့ကြပါသေးတယ်။ 1MDB အမှုဟာ ခေတ်သစ် မလေးရှား နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး အဂတိ ပြဿနာကြီး တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အစိုးရ ရှေ့နေတွေရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၄.၅ ဘီလီယံလောက် များပြားတဲ့ ငွေကြေးတွေဟာ နာဂျစ်ဘ် အပါအဝင် လူပုဂ္ဂိုလ် တချို့ရဲ့ ဘဏ်အကောင့်တွေထဲ မရိုးသားတဲ့ နည်းလမ်းတွေနဲ့ စီးဝင်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့မှု သတင်းဓာတ်ပုံ မလေးရှားဝန်ကြီးချုပ် ထုတ်ပြန်ခြင်းမရှိ၊ NUG နဲ့ အွန်လိုင်းတွေ့ဆုံမှုကို သတင်းဓာတ်ပုံ ထုတ်ပြန်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ဟာ ဒီနေ့ မနက်ပိုင်းမှာ အွန်လိုင်း(Teleconference)ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိစ္စ၊ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ထွန်းကားရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။