Connect with us

Hi, what are you looking for?

နိုင်ငံတကာ

WHO ကနေ အမေရိကန် တရားဝင် နုတ်ထွက်၊ ကတိပေးထားတဲ့ ဒေါ်လာ သန်း ၂၆၀ ပေးချေဖွယ် မရှိတော့

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

ဓာတ်ပုံ – Getty Images

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက WHOကနေ နုတ်ထွက်ဖို့ကိစ္စ ဆောင်ရွက်ဖို့ အမိန့်ကို လက်မှတ် ရေးထိုး ညွှန်ကြားခဲ့တာပါ။ တစ်နှစ်လောက်အကြာ ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ အဲဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးတဲ့ အခြေအနေကို ရောက်လာကြောင်း အမေရိကန် ကျန်းမာရေးနဲ့ လူသားရေးရာ ဝန်ဆောင်မှု ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း WHOကနေ အမေရိကန် နုတ်ထွက်စေဖို့ ညွှန်ကြားဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နေရာကို ၄ နှစ်ကြာ ဆက်ခံခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာတော့ အဲဒီ ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်း ဖယ်ရှားပစ်ခဲ့ပါတယ်။

အဲဒီနောက် ထရမ့်က ဒုတိယအကြိမ် ရွေးကောက်ပွဲ အနိုင်ရပြီး အိမ်ဖြူတော်ဆီ ပြန်ရောက်လာတဲ့ နေ့မှာပဲ WHOကနေ နုတ်ထွက်စေမယ့် အမိန့်ကို ထပ်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ စည်းမျဉ်းတွေအရ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်တဲ့ နိုင်ငံတစ်ခုဟာ WHOဆီ တစ်နှစ်ကြိုပြီး အသိပေး အကြောင်းကြားထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ WHOအတွက် ထောက်ပံ့ပေးမယ်လို့ ကတိပြုထားတဲ့ ငွေပမာဏကိုလည်း အကျေချေရမှာပါ။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ WHOဆီ ဒေါ်လာ သန်း ၂၆၀ ဝန်းကျင် ပေးဖို့ ကျန်နေသေးပေမယ့် ထရမ့်ကတော့ ဆက်ပြီး ငွေကြေးထောက်ပံ့ဖို့ မဖြစ်နိုင်သလောက်သလို အဲဒီကိစ္စအပေါ် WHOကလည်း ဘာမှ မတတ်နိုင်လောက်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အမေရိကန် အရာရှိ တစ်ဦးကလည်း ဒီငွေကို ပေးချေဖို့ အမေရိကန်မှာ တာဝန်မရှိဘူးလို့ ပြောကြားထားပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေး စောင့်ရှောက်မှု အေဂျင်စီကြီးကတော့ အမေရိကန် နုတ်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အမေရိကန်နဲ့ နိုင်ငံတကာ ကျန်းမာရေး ပညာရှင် အများအပြားကတော့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဆိုးရွားလှတဲ့ ရွေးချယ်မှု တစ်ခုလို့ ဝေဖန်နေပါတယ်။ အမေရိကန် နုတ်ထွက်ခြင်းဟာ ကမ္ဘာ့လူသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် WHOက အားထုတ် ကူညီပေးနေတဲ့ လုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်သွားစေနိုင်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဂျော့ချ်တောင်း တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေး ဥပဒေ ပညာရှင် လောရင့်စ် ဂေါ့စတင်းက WHOကနေ အမေရိကန် လမ်းခွဲလိုက်ခြင်းဟာ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ ရောဂါအသစ်တွေကို နိုင်ငံတကာ စုပေါင်း ဟန့်တားမှုတွေကို ထိခိုက်စေနိုင်သလို အမေရိကန် ဆေးသုတေသန လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ကိုပါ အနုတ်လက္ခဏာတွေ သက်ရောက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ ရောဂါဗေဒ ပါမောက္ခ ဂျပ်ဝေါလ်ဆန်ကလည်း WHOဆီကနေ အမေရိကန် နုတ်ထွက်မှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ၊ အရှုပ်အထွေးတွေကြောင့် ၂၀၂၆ ခုနှစ်အတွင်းမှာ မသေသင့်တဲ့၊ ရှောင်လွှဲလို့ ရနိုင်တဲ့ လူပေါင်း ၇ သိန်းခွဲလောက် ထပ်မံ သေဆုံးနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အမေရိကန်ရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုဟာ WHOရဲ့ လူသားကောင်းကျိုးပြု မစ်ရှင်တွေကို သိသိသာသာ ဆုတ်ယုတ်သွားစေနိုင်တာကြောင့်ပါ။

ထရမ့်ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာ ကုလသမဂ္ဂရဲ့ ခေါင်းဆောင်နိုင်စွမ်းအပေါ် မကြာခဏ လူသိရှင်ကြား ဝေဖန် ထိုးနှက်လေ့ ရှိသလို အခုအခါမှာလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးကို ကူညီ စောင့်ရှောက်ဖို့အတွက်ဆိုတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ နာမည်နဲ့ နိုင်ငံစုံ အသင်းကြီး တစ်ခုကို ထူထောင်ဖို့ အားထုတ်နေပါတယ်။ အဲဒီ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ ကုလသမဂ္ဂကို စင်ပြိုင် ရပ်တည်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ထရမ့်ဟာ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြီး ဆိုးရွားနေတဲ့ကာလမှာ ပထမအကြိမ်အဖြစ် WHOကနေ နုတ်ထွက်မယ့်အကြောင်း ကြေညာခဲ့တာပါ။ အဲဒီတုန်းက သူဟာ WHOရဲ့ ရောဂါထိန်းချုပ် တားဆီးရေး လုပ်ရည်ကိုင်ရည်ပိုင်းကို ပုတ်ခတ်ဝေဖန်ခဲ့သလို WHOဟာ တရုတ်ရဲ့ ခြယ်လှယ်ထိန်းချုပ်မှုအောက်မှာ လည်ပတ်နေရကြောင်း စွပ်စွဲသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။