Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ အိန္ဒိယ ငြင်းဆန်

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Rosoboronexport

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ရုရှားရဲ့ နည်းပညာ အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်အဖြစ် ရည်ညွှန်းထားပြီး Sukhoi ကုမ္ပဏီက ထုတ်လုပ်တဲ့ Su-57တွေရဲ့ ပြည်ပပို့ကုန် ဗားရှင်းဖြစ်တဲ့ Su-57Eတွေကို ဝယ်ယူဖို့ ရုရှားက အိန္ဒိယ အစိုးရကို ကမ်းလှမ်းထားပါတယ်။

Su-57ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမျိုးဆက်အဆင့် သတ်မှတ်ခံရတဲ့ တိုက်လေယာဉ် ၄ မျိုးထဲမှာ ပါဝင်ပေမယ့် ထုတ်လုပ်နိုင်စွမ်း နှောင့်နှေးမှုနဲ့ တခြားပြဿနာတွေကြောင့် တိုးတက်မှု နှေးကွေးနေပါတယ်။ ရုရှားဟာ လက်ရှိအချိန်ထိ Su-57 အစီး ၄၀ ကျော်လောက်သာ ထုတ်လုပ်ထားနိုင်သေးပေမယ့် တစ်ဖက်မှာတော့ ပြိုင်ဘက် အမေရိကန်ရဲ့ ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်တွေကတော့ အစီးရေ ထောင်နဲ့ချီပြီး ပြည်ပကို တင်ပို့ထားနိုင်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်က Su-57တွေ အိန္ဒိယဆီ ရောင်းချနိုင်ရေး စည်းရုံးပြောဆိုတာတွေ ရှိခဲ့ပေမယ့် အခု သီတင်းပတ်မှာတော့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ရာဂျက်ရှ် ကူမာ ဆင်းက သူ့အစိုးရရဲ့ သဘောထားကို အတိအလင်း ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆင်းက အိန္ဒိယဟာ Su-57တွေကို ဝယ်ယူမယ့်အစား ရှိရင်းစွဲ ရုရှားလုပ် Su-30MKI တိုက်လေယာဉ်တွေကို စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်ဖို့ပဲ အာရုံစိုက်သွားမယ်လို့ ပြောပါတယ်။

Su-30MKIတွေဟာ အိန္ဒိယ လေတပ်မှာ စွမ်းဆောင်ရည်ပိုင်း ယုံကြည်စိတ်ချရကြောင်း သက်သေပြပြီးသား တိုက်လေယာဉ်တွေလို့ ဆင်းက ရည်ညွှန်းခဲ့ပြီး Su-57တွေကတော့ ဘာကိုမှ သေချာ သက်သေမပြရသေးဘူးလို့ မှတ်ချက်ပေးသွားပါတယ်။

အိန္ဒိယရဲ့ လက်ရှိ ဦးစားပေး ရည်မှန်းချက်ကတော့ ပိုင်ဆိုင်ထားပြီးသား စတုတ္ထမျိုးဆက် Su-30MKI တိုက်လေယာဉ် ၂၆၀ လောက်ကို မျိုးဆက် ၄.၅ အဆင့်လောက်ထိ မြှင့်တင်ဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ မျိုးဆက် ၄.၅ ဆိုတာက ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေလို တိုက်ခိုက်ရေးနဲ့ နည်းပညာ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ပေမယ့် ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth)စွမ်းရည် ပါမလာတဲ့ လေယာဉ်တွေကို ရည်ညွှန်းလေ့ရှိတဲ့ အသုံးအနှုန်းပါ။

မျိုးဆက် ၄.၅ တိုက်လေယာဉ်တွေဟာ အရမ်းဝေးကွာတဲ့ ပစ်မှတ်တွေကို ချဉ်းကပ်သွားစရာ မလိုဘဲ တာဝေးပစ် ဒုံးကျည်တွေနဲ့ ချေမှုန်းနိုင်စွမ်းမျိုးတွေလည်း ပိုင်ဆိုင်ပါတယ်။ အိန္ဒိယဟာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ BrahMos တာဝေးပစ် ဒုံးကျည်တွေ၊ အိန္ဒိယ နည်းပညာသုံး ရေဒါတွေကို Su-30MKIတွေမှာ ပေါင်းစပ်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ BrahMosတွေဟာ ကီလိုမီတာ ၅၀၀ လောက် အကွာက ပစ်မှတ်ကိုတောင် တိုက်ခိုက်နိုင်တယ်လို့ အိန္ဒိယက ကြွေးကြော်ထားပါတယ်။

ခန်းက ရုရှားရဲ့ ခေတ်အမီဆုံးလို့ ညွှန်းဆိုထားတဲ့ တိုက်လေယာဉ် အသစ်တွေကို ဝယ်မှာမဟုတ်တဲ့တိုင် အိန္ဒိယဟာ လေယာဉ်အင်ဂျင် နည်းပညာ၊ ပြုပြင်ထိန်းသိမ်းရေး၊ မွမ်းမံအဆင့်မြှင့်ရေးတွေမှာ ရုရှားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နေမယ်လို့ ပြောပါတယ်။ Su-57တွေကို မဝယ်ဖြစ်တာဟာ အိန္ဒိယရဲ့ စစ်လက်နက် ဖြည့်တင်းမှု ကဏ္ဍမှာ ရုရှားအပေါ် အားထားနေမှုကနေ ဖယ်ခွာတာ မဟုတ်ဘဲ နိုင်ငံရဲ့ မဟာဗျူဟာ ရွေးချယ်ဆုံးဖြတ်ခွင့် သက်သက်သာ ဖြစ်တယ်လို့ ခန်းက ရှင်းပြသွားပါတယ်။

ကိုးကား: Militarnyi

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။