Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ယွန်ဟာ လွှတ်တော်ထဲကို မြောက်ကိုရီးယား သူလျှိုတွေ စိမ့်ဝင်နေတယ်လို့ စွပ်စွဲပြီး ဒီမိုကရေစီ အုပ်ချုပ်မှုကို ရပ်တန့်ကြောင်းနဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့ ဆန့်ကျင်မှုနဲ့ လွှတ်တော် အမတ်တွေရဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်မှုကြောင့် အဲဒီအမိန့်ဟာ ၆ နာရီကျော်လောက် အကြာမှာ ပျက်ပြယ်ခဲ့ပါတယ်။

နောက်ဆက်တွဲ အနေနဲ့ ယွန်ဟာ သမ္မတ ရာထူးကနေပါ ဖယ်ရှားခံခဲ့ရပြီး နောက်ဆက်တွဲ တရားစီရင် စစ်ဆေးမှုတွေကို ရင်ဆိုင်လာရပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ သူဟာ အခြေခံ ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော် ပုန်ကန်မှု စွပ်စွဲချက်အတွက် စီရင်ချက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ် ယွန်ကို သေဒဏ်စီရင်ဖို့ အစိုးရ ရှေ့နေတွေက စီရင်ချက် မချခင်ထိ တိုက်တွန်းခဲ့ကြပြီး တရားရုံးကတော့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ယွန်က အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတယ် ဆိုတာဟာ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်ခဲ့ပြီး သူ့အနေနဲ့ ဘာစည်းမျဉ်းတွေကိုမှ ချိုးဖောက်မှု မရှိခဲ့ကြောင်း အခိုင်အမာ ခုခံပြောဆိုခဲ့ပါတယ်။

ယွန်အပေါ် စီရင်ချက် ချမှတ်မှုကို ပြည်တွင်းရော၊ ပြည်ပကပါ အလေးအနက် စောင့်ကြည့်ခဲ့ကြပါတယ်။ ယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ သူ့အပေါ် တရားရေးအရ ကိုင်တွယ်မှုတွေအပေါ် အကြောင်းပြုပြီး တောင်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲမှုတွေလည်း ရှိခဲ့ပါတယ်။

တရားရုံးက ယွန်ဟာ စွဲချက်တွေအတွက် ပြစ်မှုထင်ရှားပြီး သူ့လုပ်ရပ်တွေအပေါ် နောင်တရတဲ့ လက္ခဏာလည်း မပြသခဲ့ကြောင်း၊ ဒါပေမဲ့ အသက်အရွယ်နဲ့ အရင်က ပြစ်မှုမှတ်တမ်းဟောင်း မရှိခဲ့တာတွေကို ထောက်ထားပြီး သေဒဏ်အစား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကိုသာ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဆိုးလ်မြို့တော် တရားရုံးရှေ့မှာ စီရင်ချက်ကို စောင့်ဆိုင်းနေတဲ့ ယွန်ကို ထောက်ခံသူတွေကတော့ အကြီးအကျယ် တုန်လှုပ် ကြေကွဲနေခဲ့ကြတာကို တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ယွန်ကို ထောင်ဒဏ်တစ်သက်သာ ချမှတ်ခြင်းဟာ ငဲ့ညှာလွန်းရာ ကျနေကြောင်း ဆန့်ကျင်ဖက် အင်အားစုတွေက စွပ်စွဲ ဝေဖန်နေကြပါတယ်။ တောင်ကိုရီးယားရဲ့ ဥပဒေအရ နိုင်ငံတော် ပုန်ကန်မှု တစ်ခုကို ဦးဆောင်သူကို သေဒဏ် စီရင်ချက်ထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရပါတယ်။

ယွန်ရဲ့ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ကင်မ်ယောင်ဟွန်းကလည်း ယွန်ရဲ့ အမှုမှာ ကြံရာပါအဖြစ် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပြီး ထောင်ဒဏ် နှစ် ၃၀ စီရင်ချမှတ် ခံခဲ့ရပါတယ်။

ကိုးကား: CNA

ဓာတ်ပုံ – EPA, AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောရဲ့ ဇနီးဟာ စတော့စျေးကွက် ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။

နိုင်ငံတကာ

ရာထူးက ဖယ်ရှားခံရတဲ့ တောင်ကိုရီးယား သမ္မတ(ဟောင်း) ယွန်ဆွတ်ယောဟာ ဧပြီ ၁၁ ရက်နေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။