Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကတော်ဟောင်း အဖမ်းခံရ

တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောရဲ့ ဇနီးဟာ စတော့စျေးကွက် ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။

AP

တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောရဲ့ ဇနီးဟာ စတော့စျေးကွက် ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။

သူ့ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ကလည်း လောလောဆယ် အဖမ်းခံထားရတာကြောင့် တောင်ကိုရီးယားနိုင်ငံ သမိုင်းမှာတော့ သမ္မတဟောင်း ဇနီးမောင်နှံ စုံတွဲလိုက် အဖမ်းခံရမှု ပထမဆုံး ဖြစ်စဉ် အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သမ္မတကတော်ဟောင်း ကင်မ်ကွမ်ဟီးကို ဖမ်းဆီးဖို့ သင့်မသင့် ဆိုတာကို ဩဂုတ် ၁၂ ရက်နေ့မှာ ဆိုးလ်မြို့တော် တရားရုံးတစ်ခုက ၄ နာရီကြာ ကြားနာ စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကင်မ်ရဲ့ ရှေ့နေတွေက သူ့ကို အာမခံနဲ့ လွတ်မြောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ကင်မ်ဟာ အဲဒီအတောအတွင်း သက်သေတွေကို ဖျောက်ဖျက်ပစ်နိုင်တယ်ဆိုတဲ့ အစိုးရ ရှေ့နေတွေရဲ့ တင်ပြချက်ကို တရားသူကြီးက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ကင်မ်ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ယွန်ကတော့ ဒီဇင်ဘာလတုန်းက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ နောက်ဆက်တွဲ အရှုပ်အထွေးတွေကြောင့် ဖမ်းဆီးခံထားရပါတယ်။ အဲဒီ အမိန့်ဟာလည်း နာရီပိုင်းအတွင်း ပျက်ပြယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၂ နှစ်အရွယ် ကင်မ်ဟာ သမ္မတကတော် ဖြစ်မလာခင်တုန်းက စတော့ရှယ်ယာ စျေးကွက်ကို မရိုးမသား ခြယ်လှယ် စျေးကစားတဲ့ ကုမ္ပဏီ တစ်ခုကို ပဲ့ကိုင်ခဲ့ကြောင်း စွပ်စွဲ ခံထားရသလို သမ္မတကတော် ဖြစ်လာချိန်မှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့ကြောင်း သတင်းထွက်နေပါတယ်။

တကယ်တမ်းမှာ သူ့ရဲ့ အနေအထားနဲ့ ရပ်တည်မှုဟာ သိပ်ပြီး အရေးပါလှတာ မဟုတ်ပေမယ့် ပြဿနာတွေ ရှုပ်သွားစေခဲ့တယ်ဆိုရင် အထူးတလည် တောင်းပန်လိုပါတယ်လို့ ကင်မ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲမှာတော့ ရွေးကောက်ပွဲ မဲရလဒ်တွေ ပြောင်းလဲသွားအောင် ကြားဝင် ခြယ်လှယ် စွက်ဖက်ဖို့ ကြိုးစားခဲ့တယ် ဆိုတာလည်း ပါဝင်ပါတယ်။ အဲဒီကိစ္စက အတော်လေး အမှုကြီးတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ခင်ပွန်းဖြစ်သူ အာဏာလက်ရှိ ကာလတုန်းက အတိုက်အခံ အင်အားစုတွေဟာ ကင်မ်ကို ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးဖို့ သုံးကြိမ်တိုင်တိုင် လွှတ်တော်မှာ အဆိုတင်ခဲ့ပေမယ့် ယွန်က ဗီတိုအာဏာသုံးပြီး သုံးကြိမ်စလုံးကို ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ယွန်ရဲ့ပြိုင်ဘက် လီဂျေမြောင်က သမ္မတဖြစ်လာတဲ့နောက် ဇွန်လမှာတော့ ကင်မ်အပေါ် စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းခွင့် ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လာဘ်ပေးလာဘ်ယူမှု၊ စတော့စျေးကွက် ခြယ်လှယ်မှုတွေ အပါအဝင် စွပ်စွဲချက် တော်တော်များများနဲ့ ပတ်သက်လို့ သမ္မတကတော်ဟောင်း ကင်ကွမ်ဟီကို တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက စစ်ဆေး မေးမြန်းခဲ့ပါတယ်။

နိုင်ငံတကာ

ရာထူးက ဖယ်ရှားခံရတဲ့ တောင်ကိုရီးယား သမ္မတ(ဟောင်း) ယွန်ဆွတ်ယောဟာ ဧပြီ ၁၁ ရက်နေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။