အမေရိကန်နဲ့ စစ်ရေး ပဋိပက္ခ ဖြစ်နိုင်ခြေကို ရှောင်လွှဲနိုင်မယ့် ဆွေးနွေးဖြေရှင်းမှုတစ်ခု ရရှိလာဖို့ မျှော်လင့်ကြောင်း အီရန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ နျူကလီးယား ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးမှုတွေမှာ အမေရိကန်နဲ့ သဘောတူညီမှု ရယူနိုင်ဖို့ အခြေအနေတွေက လက်လှမ်းမီလောက်တဲ့အဆင့် ရှိလာပြီလို့ ကြေညာခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေက ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံကြဖို့ ချိန်းဆိုထားပြီး အဲဒီမတိုင်ခင် ရက်ပိုင်းအလိုမှာ အီရန်ဖက်က အခုလို သဘောထား မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အနေနဲ့ ဆွေးနွေးမှုတွေမှာ မှန်ကန်ထိရောက်တဲ့ အဖြေတစ်ခု ရရှိဖို့ လိုအပ်နေပြီဖြစ်ပြီး အဖြေတစ်ခု ထွက်ပေါ်မလာရင်တော့ အမေရိကန်က စစ်ရေးအရ အရေးယူတာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement
ဒါ့အပြင် အမေရိကန်ဟာ အီရန်နိုင်ငံ ပတ်ပတ်လည်မှာ လေတပ်နဲ့ ရေတပ် အင်အားတွေ အလုံးအရင်း ဖြန့်ကျက်ထားပြီး အီရန် အစိုးရအပေါ် စစ်ရေးအရ ဖိအားပေးထားပါတယ်။
အီရန် ကာကွယ်ရေးဝန်ကြီး အဘက်စ် အာရက်ချီက မကြုံစဖူး သဘောတူညီမှု တစ်ရပ်ကို ရရှိလာဖို့ အီရန်မှာ သမိုင်းဝင် အခွင့်အရေးတစ်ခု ရလာပြီလို့ ယုံကြည်ကြောင်း၊ အဲဒီ သဘောတူညီမှုဟာလည်း နှစ်ဖက် စိုးရိမ်မှုတွေနဲ့ နှစ်ဖက် အကျိုးစီးပွားတွေနဲ့ ကိုက်ညီမယ့် ဖြေရှင်းမှုတစ်ခု ဖြစ်လာနိုင်ကြောင်း လူမှုကွန်ရက်မှာ ရေးသား ကြေညာခဲ့ပါတယ်။
သဘောတူညီမှုဟာ လက်လှမ်းမီနိုင်လောက်တဲ့ အခြေအနေမှာ ရှိနေကြောင်း၊ ဒါပေမဲ့ ချဉ်းကပ်မှုတွေဟာ သံတမန်ရေးကို ဦးစားပေးတဲ့ ရွေးချယ်မှုတွေ ဖြစ်ဖို့တော့လိုကြောင်း အာရက်ချီက ဆိုပါတယ်။
အီရန်အစိုးရဟာ နိုင်ငံကို ကျူးကျော် တိုက်ခိုက်လာမယ့် ရန်လိုမှု မှန်သမျှကို ထိထိရောက်ရောက် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လူမှုကွန်ရက် ပို့စ်မှာတော့ အာရက်ချီက သူ့ရဲ့နိုင်ငံဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ လုံးဝ ရည်ရွယ်မထားကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ နျူကလီးယား နည်းပညာကို စွမ်းအင် ထုတ်လုပ်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့ပဲ ရည်ရွယ်ထားကြောင်း အီရန် အစိုးရက အကြိမ်ကြိမ် ရှင်းလင်းထားပါတယ်။
အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် ဂျနီဗာမှာ ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနှစ်နိုင်ငံဟာ အီရန် နျူကလီးယား ထိန်းချုပ်ရေးကိစ္စအတွက် မနှစ်က ၅ ကြိမ် ဆွေးနွေးခဲ့ဖူးပေမယ့် အစ္စရေးနဲ့ အီရန်ကြား ဖြစ်ပွားခဲ့တဲ့ ၁၂ ရက် စစ်ပွဲမှာ အမေရိကန်က ပါဝင်ခဲ့ပြီး အီရန် နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲ ဖျက်ဆီးခဲ့တဲ့နောက် ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ရပါတယ်။ ဒီနှစ်မှသာ အမေရိကန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့အတူ ဆွေးနွေးမှုတွေ ပြန်စလာတာ ဖြစ်ပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ တင်းမာမှုတွေကို ကိုင်တွယ်နေရတဲ့ အခြေအနေမှာပဲ ပြည်တွင်းမှာလည်း တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တကျော့ပြန် စတင်လာတာကို ကြုံနေရပါတယ်။ ဆန္ဒပြပွဲတွေဟာ အစိုးရရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ပြီးခဲ့တဲ့လက ပြိုကွဲသွားပေမယ့် အခုအခါမှာတော့ တဟီရန်မြို့တော်နဲ့ တခြားမြို့ တချို့မှာ ၄ ရက်ဆက်တိုက် ပြန်လည် ပေါ်ပေါက်လာနေပါတယ်။
အီရန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဖာတီမာ မိုဟာဂျာရာနီက ကျောင်းသားတွေ အနေနဲ့ ဆန္ဒပြခွင့် ရှိပေမယ့် ကျော်လို့မရတဲ့ စည်းတွေကိုတော့ နားလည် သဘောပေါက်ထားရမှာဖြစ်ကြောင်း သတိပေးသွားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Getty Images


















































