Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခါမေနီရဲ့သားကို နိုင်ငံ အဓိပတိသစ်အဖြစ် ခန့်အပ်ကြောင်း အီရန် ကြေညာ

ကွယ်လွန်သူ အီရန် အစိုးရ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ ရာထူးကို သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီက ဆက်ခံမယ်လို့ အီရန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

ကွယ်လွန်သူ အီရန် အစိုးရ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ ရာထူးကို သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီက ဆက်ခံမယ်လို့ အီရန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပါဝင်ပြီး အဓိပတိနေရာ ရွေးချယ်ခန့်အပ်ရေးကို တာဝန်ယူထားတဲ့ ကော်မတီ တစ်ရပ်က အသက် ၅၆ နှစ်အရွယ် မော့ဂျ်တာဘာကို အဓိပတိ ရာထူးအတွက် ထောက်ခံခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက မတ်လ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ခါမေနီရဲ့ ဒုတိယ အကြီးဆုံး သားဖြစ်တဲ့ မော့ဂျ်တာဘာဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ်ဆိုတဲ့ သတင်းတွေ ကြိုတင် ထွက်ပေါ်နေခဲ့ပြီး အခုတော့ အစိုးရက တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

အီရန် အစိုးရ မီဒီယာရဲ့ ဖော်ပြချက်အရ ကော်မတီဝင်တွေဟာ ပြတ်သားတဲ့ မဲရလဒ်တစ်ခုနဲ့ မော့ဂျ်တာဘာကို ရွေးချယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီ ကော်မတီက တစ်နိုင်ငံလုံးရဲ့ ပြည်သူတွေ၊ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေနဲ့ ပညာတတ် အသိုင်းအဝန်းတွေဟာ နိုင်ငံရဲ့ သေရေးရှင်ရေး ကာလတစ်ခုမှာ စည်းစည်းလုံးလုံး ရပ်တည်ပြီး အစိုးရသစ်ကို အားပေး ထောက်ခံကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

အီရန်အစိုးရက မော့ဂျ်တာဘာကို နိုင်ငံအဓိပတိအဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းဟာ အစ္စလာမ်မစ် တော်လှန်ရေးအတွက် အောင်ပွဲအသစ်တစ်ခုလို့ ညွှန်းဆိုခဲ့ပြီး အီရန်ရဲ့ ရန်သူတော်တွေအပေါ် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုလို့လည်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ အဓိပတိ ရာထူး ဆက်ခံသူဟာ မော့ဂျ်တာဘာ ဖြစ်လာနိုင်ကြောင်း ကြိုတင် မှတ်ချက်ပေးထားပြီး အဲဒီအခြေအနေကို သူက လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ကြိုတင် ပြောကြားထားပါတယ်။ ဒါကြောင့်လည်း အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်နေတဲ့ လက်ရှိစစ်ပွဲဟာ အရှိန်အဟုန် ပိုမို ပြင်းထန်လာဖွယ် ရှိပါတယ်။ ထရမ့်က အီရန်မှာ အမေရိကန်က လက်ခံနိုင်လောက်မယ့် ခေါင်းဆောင်မျိုး တာဝန်ယူ အုပ်ချုပ်နေဖို့ လိုတယ်လို့လည်း ပြောဆိုထားဖူးပါတယ်။

မော့ဂျ်တာဘာဟာ နိုင်ငံကို ၃၇ နှစ်တိုင် အုပ်စိုးသွားခဲ့ဖူးတဲ့ ဖခင်လိုပဲ သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးဖြစ်ပါတယ်။ ခါမေနီကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ စစ်ပွဲစတင်ချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်။

မော့ဂျ်တာဘာဟာ ဖခင်ရဲ့ အစိုးရ အဖွဲ့ထဲမှာ တရားဝင် ရာထူးတစ်ခု ယူမထားခဲ့ပေမယ့် အီရန်မှာ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး နိုင်ငံရေး ဩဇာလည်း ကြီးမားတဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့လည်း နီးစပ်ကျွမ်းဝင်သူ တစ်ဦးပါ။ သူ့ရဲ့ အဓိပတိနေရာ တက်လှမ်းမှုမှာ IRGCရဲ့ ထောက်ခံမှုကလည်း အရေးပါခဲ့ပါတယ်။

မော့ဂျ်တာဘာကို အဓိပတိ ရာထူးအတွက် ရွေးချယ်လိုက်ကြောင်း သတင်းကို အီရန်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရပ်ဝန်းက ခေါင်းဆောင် အများအပြားက ကြိုဆိုခဲ့ကြပါတယ်။ အီရန် အစိုးရ မီဒီယာက နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့အားလုံးဟာ အဓိပတိသစ်ကို သစ္စာခံမယ်လို့ ဖော်ပြခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကလည်း မော့ဂျ်တာဘာရဲ့ ခေါင်းဆောင်မှုကို လေးစား ထောက်ခံတာဟာ ဘာသာရေးနဲ့ အမျိုးသားရေး တာဝန်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ စစ်ပွဲကာလအတွင်း မော့ဂျ်တာဘာရဲ့ လုံခြုံရေးဟာ ကြီးကြီးမားမား ခြိမ်းခြောက်ခံရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ထရမ့်က အီရန်မှာ ဘယ်အစိုးရ တက်လာလာ၊ သူ့ဆီက ထောက်ခံသဘောတူညီမှုကို အရင်ဆုံး မယူဘူးဆိုရင် သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ မတ်လ ၈ ရက် မနက်အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။ အစ္စရေးကလည်း ခါမေနီ နေရာကို ဆက်ခံတဲ့သူ ဘယ်သူ့ကိုမဆို ပစ်မှတ်ထား သုတ်သင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Trending

Facebook