ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို မတ်လကုန်မှာ စတင် ဖြန့်ဝေပေးမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။
ဒါဟာ အီရန်စစ်ပွဲကြောင့် ပြည်တွင်းမှာ ရေနံနဲ့ လောင်စာဆီ အကျပ်အတည်း ကြီးထွားလာနေခြင်းကို ပြေလျော့စေမယ့် အစီအမံ တစ်ခုလည်း ဖြစ်ပါတယ်။ ဂျပန်ဟာ ရေနံကို ပြည်ပကနေ အလုံးအရင်း တင်သွင်းနေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်က စစ်ခင်း တိုက်ခိုက်နေတဲ့ ဂယက်ကြောင့် ကမ္ဘာတလွှားကို ရေနံတင်ပို့မှုတွေ လျော့ပါးကျဆင်းကုန်ပြီး ဆီစျေးတွေ တက်လာသလို ဆီပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ဂျပန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပုဂ္ဂလိက သိုလှောင်ရုံတွေထဲမှာ ထားရှိတဲ့ ၁၅ ရက်စာ ရေနံနဲ့ လောင်စာဆီတွေကို စျေးကွက်ထဲ ဖြန့်ဝေစေခဲ့ပါတယ်။

Public Service Announcement
မတ်လ ၂၄ ရက်နေ့မှာတော့ တကအိချိက ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း သိုလှောင်ထားတဲ့ ရေနံတွေကိုလည်း အလားတူ ဖြန့်ဝေပေးသွားမယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ အဲဒီ ပမာဏဟာ စည်ပေါင်း ၁၃ သန်း၊ တစ်နည်းအားဖြင့် ၇ ရက်စာလောက်နဲ့ ညီမျှပါတယ်။
ဂျပန်ဟာ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကူဝိတ်တို့နဲ့ ပူးပေါင်းပြီး အဲဒီ ရေနံနဲ့ လောင်စာဆီတွေကို ပြည်တွင်းမှာ ဖက်စပ် သိုလှောင်ထားတာ ဖြစ်ပါတယ်။
ပြည်တွင်း ပုဂ္ဂလိက သိုလှောင်ထားတဲ့ ရေနံနဲ့ ဆီတွေကို မတ်လ ၁၆ ရက်နေ့မှာ စတင် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း၊ အစိုးရ သိုလှောင်မှုတွေကို မတ်လ ၂၆ ရက်နေ့မှာ စတင်ပြီး ရေနံထုတ်လုပ်ရာ နိုင်ငံတွေနဲ့ ပူးပေါင်းသိုလှောင်ထားမှုတွေကိုတော့ မတ်လကုန်၊ ဧပြီလဆန်းမှာ စတင် ဖြန့်ဝေဖို့ ရည်ရွယ်ထားကြောင်း တကအိချိက Xမှာ ရေးသားထားခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ အရန်သိုလှောင်ထားတဲ့ လောင်စာနဲ့ ရေနံတွေကို ထုတ်ပေးကြဖို့ တောင်းဆိုမှုအပြီး ဂျပန်က စည်ပေါင်း သန်း ၈၀ နီးပါးလောက်ကို ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA)က ပြောပါတယ်။ အဲဒီထဲက အများစုဟာ ရေနံစိမ်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters


















































