လက်ဘနွန်တောင်ပိုင်း နယ်မြေတချို့ကို လုံခြုံရေးနဲ့ ကာကွယ်ရေး အခင်းအကျင်းအတွက် ထိန်းချုပ်ထားမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
အီရန်ကို အမေရိကန်နဲ့ ပူးပေါင်းတိုက်ခိုက်မှု စတင်ခဲ့ပြီး မကြာခင်မှာပဲ အစ္စရေးဟာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ခြေကုပ်ယူရာ လက်ဘနွန် တောင်ပိုင်းမှာလည်း စစ်ဆင်ရေးတွေ စတင်ခဲ့ပါတယ်။ အခုအခါ အစ္စရေး ခြေလျင်တပ်တွေဟာ လက်ဘနွန် တောင်ပိုင်းကို စတင်ဝင်ရောက် နေရာယူနေပြီ ဖြစ်ပါတယ်။
လက်ဘနွန်တောင်ပိုင်းက လီတာနီမြစ်ကို ဖြတ်ကူးတဲ့ တံတားတွေထဲက မပျက်စီးသေးတဲ့ တချို့မှာ အစ္စရေးတပ်တွေ ဆက်လက် နေရာယူထားမယ်လို့ မတ်လ ၂၄ ရက်နေ့မှာ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က စစ်ဦးစီးတွေဆီ အသိပေးခဲ့ပါတယ်။ လီတာနီ မြစ်ဟာ လက်ဘနွန်ကို ဖြတ်သန်းစီးဆင်းပြီးတဲ့နောက် အစ္စရေး မြောက်ပိုင်း နယ်စပ်မရောက်ခင် မိုင် ၂၀ လောက် အကွာမှာ မြေထဲပင်လယ်ထဲ စီးဝင်ပါတယ်။
ကက်ဇ်က အစ္စရေး တပ်တွေဟာ လက်ဘနွန် တောင်ပိုင်း ဒေသတချို့ကို ကာကွယ်ရေး ဇုန်နယ်မြေအဖြစ် ဆက်လက် ထိန်းသိမ်းထားပြီး နိုင်ငံမြောက်ပိုင်း ဧရိယာတွေ ဘေးကင်းစေဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ ကက်ဇ်ရဲ့ မှတ်ချက်အရ လက်ဘနွန် တောင်ပိုင်းကို အစ္စရေးတပ်တွေ ဝင်ရောက်နေရာယူထားမှုဟာ အချိန်အတော်ကြာတဲ့ထိ ဆက်ရှိနေနိုင်တဲ့ သဘောမျိုး တွေ့ရပါတယ်။

Public Service Announcement
လက်ဘနွန်မှာ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေကတော့ အစ္စရေးရဲ့ လုပ်ရပ်ဟာ အချုပ်အခြာ အာဏာပိုင် လက်ဘနွန် ပိုင်နက်ထဲ တရားလက်မဲ့ ကျူးကျော်မှုလို့ စွပ်စွဲခဲ့ပါတယ်။
တောင်ပိုင်းမှာရှိတဲ့ အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့ တိုက်ခိုက်မှုတွေမှာ ခဲယမ်းမီးကျောက်တွေ သယ်ယူဖို့အတွက် လီတာနီမြစ်ကို ဖြတ်ကူးတဲ့ တံတားတွေကို ဟစ်ဇ်ဘိုလာတွေက အဓိက အသုံးပြုလေ့ ရှိပါတယ်။ ကက်ဇ်က အဲဒီတံတားတွေကို အစ္စရေးစစ်တပ်က ထိန်းချုပ်ထားပြီး မြစ်နဲ့ အစ္စရေး နယ်စပ်ကြား ဒေသကို လုံခြုံရေးဇုန် တစ်ခုအဖြစ် သတ်မှတ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကူးတံတားတွေထဲမှာ ဟစ်ဇ်ဘိုလာတွေ အဓိက အသုံးပြုတဲ့ တချို့ကို အစ္စရေး စစ်တပ်က ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ကျန်တာတွေမှာ တပ်စွဲ နေရာယူထားကြောင်း ကက်ဇ်က ပြောပါတယ်။
မကြာသေးခင်က အစ္စရေးရဲ့ လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး ဘက်ဇလယ် စမောထရစ်ချ်က အစ္စရေး အစိုးရ အနေနဲ့ လက်ဘနွန် တောင်ပိုင်း ဒေသတွေကို အချုပ်အခြာ အာဏာပိုင်နက်ထဲ ထည့်သွင်းဖို့ စဉ်းစားသင့်ကြောင်း ပြောဆိုခဲ့ပြီး အဲဒီ မှတ်ချက်ဟာ နယ်ချဲ့ဝါဒကို ထင်ဟပ်စေကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။
ကိုးကား: Guardian


















































