ဟေတီနိုင်ငံမှာ သမိုင်းဝင် ခံတပ်ဟောင်းကြီး တစ်ခုထဲ ဝင်ရောက် လည်ပတ်ရင်း ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပေါ်ရာက အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဟေတီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ၁၉ ရာစု လက်ရာ ခံတပ်ဟောင်းကြီးမှာ သေဆုံးခဲ့သူ အများစုဟာ လူငယ် လူရွယ်တွေလို့ ဆိုပါတယ်။ ပြီးတော့ ဧပြီ ၁၂ ရက်နေ့ ဖြစ်စဉ်အပြီး ပျောက်ဆုံးနေသူ အများအပြားလည်း ရှိနေတာကြောင့် ထိခိုက်သေဆုံး စာရင်းက ထပ်တိုးလာနိုင်ခြေ ရှိနေပါတယ်။
ဟင်နရီ ခံတပ်လို့ ခေါ်ဝေါ်တဲ့ အဆောက်အအုံကြီးဟာ ဟေတီမှာတော့ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ TikTokပေါ်က ကြော်ငြာတစ်ခုကို အကြောင်းပြုပြီး အဲဒီနေ့က ခံတပ်ကြီးဆီ လာရောက် လည်ပတ်သူ အများအပြား စုဝေးနေခဲ့ကြပါတယ်။
နောက်တော့ ခံတပ်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတွေကနေ ထွက်လာသူတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားသူတွေ တိုးဝှေ့ရာက ရန်ပွဲအစပြုပြီး ဝရုန်းသုန်းကားတွေ ဖြစ်ရာက အချင်းချင်း နင်းမိကြ၊ ဖိမိကြပြီး အများအပြား သေဆုံးခဲ့ကြတာပါ။

Public Service Announcement
နောက်ပြီး ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့တာကလည်း အခြေအနေကို ပိုဆိုးသွားစေခဲ့ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဟေတီ ရဲတပ်ဖွဲ့ကတော့ ဝရုန်းသုန်းကား ကိစ္စမှာ အင်အားသုံး စွက်ဖက်ခဲ့တယ် ဆိုတာကို အတည်ပြုမထားသေးပါဘူး။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဒါဇင်အတော်များများလောက်ထိ များပြားတဲ့ ဒဏ်ရာရသူတွေကိုလည်း ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ခံတပ်အတွင်းထဲမှာ ပျောက်ဆုံးနေသူတွေကို လိုက်လံ ရှာဖွေနေဆဲပါ။
ဟေတီ ယဉ်ကျေးမှုဝန်ကြီး အီမန်နျူရယ်လ် မီနတ်ဒ်က အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့တယ် ဆိုတာကို အတည်ပြုထားပါတယ်။ ဒဏ်ရာရသူတွေဟာ ကုသမှုတွေ ခံယူနေကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေကြောင်း သူက ဧပြီ ၁၂ ရက်နေ့ ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။
၁၉၈၂ ခုနှစ်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ် ခံခဲ့ရတဲ့ ခံတပ်ကြီးကိုတော့ နောက်ဆက်တွဲ စုံစမ်းမှုတွေ မပြီးမချင်း ပိတ်ထားမယ်လို့ သူက ဆိုပါတယ်။ အဲဒီ ခံတပ်ကို ပြင်သစ် ကိုလိုနီ ဘဝကနေ ဟေတီနိုင်ငံ လွတ်လပ်ရေး ရလာခဲ့ပြီး မကြာခင် ၁၈၂၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့ပါတယ်။
ဟေတီ ဝန်ကြီးချုပ်ရုံးကတော့ လူငယ်အများအပြား စုဝေးနေတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လှုပ်ရှားမှု တစ်ခုမှာ မမျှော်လင့်ဘဲ လူငယ်တွေ အများအပြား သေကြေခဲ့တဲ့ သတင်းကြောင့် အထူးကြေကွဲမိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: Guardian




















































