၂၀၂၈ အမေရိကန် ရွေးကောက်ပွဲကျရင် ပြန်လည် ယှဉ်ပြိုင်ဖို့ စဉ်းစားနေကြောင်း ကာမာလာ ဟားရစ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အမေရိကန် ဒုတိယ သမ္မတဟောင်းဖြစ်သူ ဟားရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ဒေါ်နယ်လ်ထရမ့်ကို ယှဉ်ပြိုင်ပေမယ့် အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။
ဧပြီ ၁၀ ရက်တုန်းကတော့ နယူးယောက်မှာ ပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ သူက ရွေးကောက်ပွဲ ထပ်ဝင်ဖို့ စဉ်းစားလာနိုင်တယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျိန်းသေပေါက် ဆုံးဖြတ်ပြီးပြီ ဆိုတာမျိုးတော့ ဟားရစ်က ပြောမသွားခဲ့ပါဘူး။
ရွေးကောက်ပွဲ ဝင်ဖို့ကိုတော့ သူလည်း စဉ်းစားသွားမှာ ဖြစ်တယ်လို့ ဟားရစ်က ပြည်သူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ National Action Network (ANA)က ကြီးမှူးတဲ့ လူထုတွေ့ဆုံပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူ့အနေနဲ့ သမ္မတ နေရာအတွက် ကြိုးစားနိုင်ခြေ ရှိသလားလို့ မေးမြန်းခံရတဲ့အခါ သူဟာ သမ္မတနဲ့ အနီးကပ်ဆုံး နေရာမှာ ၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ သမ္မတ အလုပ်နဲ့ တာဝန်တွေ၊ ဘာတွေလိုအပ်သလဲ ဆိုတာတွေကို သူကောင်းကောင်း သိထားကြောင်း ဟားရစ်က ပြန်ဖြေခဲ့ပါတယ်။
ကျိန်းသေပေါက် ရွေးကောက်ပွဲ ဝင်ဖြစ်မလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဟားရစ်က သူဟာ အမေရိကန် ပြည်သူတွေအတွက် ဘယ်သူက ဘယ်လို နေရာမှာ အကောင်းဆုံး တာဝန်ယူ အမှုထမ်းပေးနိုင်မလဲ ဆိုတာကို အမြဲတမ်း စဉ်းစားနေကြောင်း၊ နောက်ပိုင်း ကိစ္စတွေကိုတော့ လူထုဆီ ဆက်ပြီး အသိပေးသွားမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
သူက ထရမ့် လက်ထက်မှာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေနဲ့ ဆက်ဆံရေး အက်ကြောင်းတွေ ထင်လာတာနဲ့ ပတ်သက်ပြီးလည်း ထရမ့်ကို ဝေဖန်သွားပါတယ်။ ထရမ့်ဟာ မိတ်ဖက် နိုင်ငံတွေနဲ့ မဟာမိတ် ဆက်ဆံရေးအပေါ် အယုံအကြည် မရှိတဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး အမေရိကန် သမ္မတ ဖြစ်လိမ့်မယ်လို့ ဟားရစ်က ဆိုပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်လို့လည်း သူက ဒါဟာ ကိုယ်တိုင် ရွေးချယ်လို့ ဖြစ်လာရတဲ့ စစ်ပွဲလို့ ဝေဖန်ခဲ့ပါတယ်။ ထရမ့်ဟာ နိုင်ငံတစ်ခုရဲ့ ပြည်သူတစ်ရပ်လုံးကို အပြုတ်ဖြုတ်ပစ်မယ် ဆိုတာမျိုးတွေ လွန်လွန်ကဲကဲ လေလုံးထွားခဲ့ကြောင်း၊ လက်တွေ့မှာတော့ သူဟာ အမေရိကန်ကို ပိုပြီး အားနည်းတဲ့၊ ယုံကြည်လို့ မရတဲ့၊ လွှမ်းမိုးနိုင်စွမ်း လျော့ကျသွားတဲ့ နေရာတစ်ခုဆီ တွန်းပို့ခဲ့ကြောင်း ဟားရစ်က ထောက်ပြသွားခဲ့ပါတယ်။
ကိုးကား: Guardian


















































