အစ္စရေး စစ်သားတစ်ဦးက လက်ဘနွန် နိုင်ငံမှာ ခရစ်တော် ဂျီးဆက်စ် ရုပ်တုကို တူနဲ့ ထုရိုက်နေခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ အစ္စရေး စစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။
လက်ဘနွန် တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ချိန် အတောအတွင်း အစ္စရေး စစ်သားတစ်ဦးဟာ လဲကျနေတဲ့ ရုပ်တု ဦးခေါင်းကို လေးလံတဲ့ တူတစ်လက်နဲ့ ထုနှက်နေတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ IDFက အဲဒီ ဓာတ်ပုံဟာ စစ်မှန်တယ်လို့ ဝန်ခံပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ ဆက်လုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီကိစ္စရဲ့ သက်ရောက်နိုင်ခြေတွေကို အလေးအနက်အဆင့် သဘောထားကြောင်း၊ အဲဒီဓာတ်ပုံထဲမှာ တွေ့ရတဲ့ စစ်သားက လုပ်ဆောင်နေပုံဟာ IDFက တန်ဖိုးထားတဲ့ စံနှုန်းတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိကြောင်း IDFက လူမှုကွန်ရက် မီဒီယာ Xကနေ ကြေညာခဲ့ပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ ခရစ်ယာန် ဘာသာရေး သင်္ကေတ တစ်ခုကို IDF စစ်သားတစ်ယောက်က တူနဲ့ထုရိုက်နေတဲ့ ဓာတ်ပုံဟာ စစ်မှန်တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း၊ ဒီဖြစ်စဉ်ဟာ လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ စစ်သားတစ်ဦးနဲ့ ပတ်သက်ဖွယ်ရှိကြောင်း IDFက ဆိုပါတယ်။

Public Service Announcement
IDFက အခုကိစ္စကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးပြီး သင့်တော်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး ဆောင်ရွက်မယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ နောက်ပြီး ရုပ်တုကို မူလနေရာ ပြန်လည် ထားရှိဖို့အတွက် ဒေသခံ လူထုနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ IDFက ပြောပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အရှက်ရစရာ၊ သိက္ခာမဲ့တဲ့ ကိစ္စမျိုးလို့ ရှုတ်ချခဲ့ပါတယ်။ ဒီလောက် အရုပ်ဆိုးတဲ့ ကိစ္စမျိုး ကျူးလွန်သူ ဘယ်သူပဲဖြစ်ဖြစ် လိုအပ်တဲ့ အရေးယူမှုတွေ ပြင်းပြင်းထန်ထန် ကြုံရလိမ့်မယ်လို့ သူယုံကြည်ကြောင်း ဆားက Xမှာ ရေးသားထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် နာကျင်ခံစားရတဲ့ ခရစ်ယာန် တစ်ဦးချင်းစီကိုလည်း အစ္စရေးအနေနဲ့ တောင်းပန်လိုတယ်လို့ သူက ဆိုပါတယ်။
အီရန်စစ်ပွဲ ဖြစ်ပွားပြီးတဲ့နောက် လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေးက လက်တုံ့ပြန်ရာက လက်ဘနွန်လည်း စစ်ပွဲထဲ ပါဝင်လာခဲ့ပါတယ်။ လောလောဆယ်မှာ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား ညှိနှိုင်းပြီး အပစ်အခတ် ရပ်စဲရေး သဘောတူထားပေမယ့် လက်ဘနွန် တောင်ပိုင်းမှာ IDF တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေကြဆဲ ဖြစ်ပါတယ်။
ကိုးကား: Guardian


















































