လက်ဘနွန် တောင်ပိုင်းမှာ ခရစ်တော် ရုပ်တုကို တူနဲ့ထုနှက်ခဲ့တဲ့ ဖြစ်ရပ်အတွက် စစ်သားနှစ်ဦးကို အစ္စရေးစစ်တပ် (IDF)က ထောင်ချလိုက်ကြောင်း သိရပါတယ်။
IDF စစ်သားတစ်ဦးက ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အလေးအမြတ် ပြယုဂ်လို့ ဆိုနိုင်တဲ့ ခရစ်တော် ရုပ်တုကို တူကြီးတစ်လက်နဲ့ ထုနှက်နေခဲ့တဲ့ ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ဝေဖန်စရာ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ IDFက အဲဒီ ဓာတ်ပုံရဲ့ စစ်မှန်မှုကို အတည်ပြုခဲ့သလို လိုအပ်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဧပြီ ၂၁ ရက်နေ့မှာတော့ ဖြစ်စဉ်နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အစ္စရေးစစ်သား နှစ်ဦးဟာ ထောင်ဒဏ် ရက်ပေါင်း ၃၀ စီ ချမှတ်ပြီး အစ္စရေးစစ်ဘက် အချုပ်ထောင်တစ်ခုမှာ ပြစ်ဒဏ် ကျခံရမယ်လို့ IDFက ကြေညာခဲ့ပါတယ်။ ပြီးတော့ သူတို့ကို တိုက်ခိုက်ရေး တာဝန်တွေကနေလည်း ရပ်စဲမယ်လို့ IDFက ထုတ်ပြန်ပါတယ်။
အစ္စရေးဟာ လက်ဘနွန်မှာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူထားပေမယ့် လက်ဘနွန် တောင်ပိုင်းမှာ IDF တပ်တွေ ဆက်လက် ဖြန့်ကျက်ထားဆဲ ဖြစ်ပါတယ်။

Public Service Announcement
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက IDF စစ်သားတစ်ယောက်ဟာ ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အရေးပါတဲ့ သင်္ကေတ တစ်ခုကို လက်ဘနွန် တောင်ပိုင်းမှာ ထိခိုက် ပျက်စီးအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩစိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
IDFရဲ့ စုံစမ်းတွေ့ရှိမှုတွေအရ အခုဖြစ်ရပ်ဟာ လက်ဘနွန်တောင်ပိုင်း၊ အစ္စရေးနဲ့ နယ်စပ်နားက ခရစ်ယာန် ရွာတစ်ခုဖြစ်တဲ့ ဒက်ဘဲလ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ IDFက အရေးယူ ခံခဲ့ရသူတွေဟာ ခရစ်တော် ရုပ်တုကို ဖျက်ဆီးတဲ့သူနဲ့ အဲဒီလုပ်ရပ်ကို ဓာတ်ပုံရိုက်ပေးထားတဲ့သူတို့ ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီနေရာမှာ ရှိနေခဲ့ပြီး ကျူးလွန်မှုကို ကိုယ်တိုင် ဝင်မပါခဲ့ပေမယ့် ဖြစ်ရပ်ကို မတားခဲ့တဲ့၊ အထက်လူကြီးတွေဆီ မတိုင်ကြားခဲ့တဲ့ တခြား IDF တပ်ဖွဲ့ဝင် ၆ ဦးကိုလည်း ဆင့်ခေါ်ပြီး ဖြေရှင်းချက်ပေးစေခဲ့ကြောင်း IDFက ကြေညာခဲ့ပါတယ်။
လက်ဘနွန်မှာ မတ်လ ၂ ရက်နေ့က စတင်ဖြစ်ပွားပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အပစ်ရပ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေ အပါအဝင် လက်ဘနွန်မှာ လူပေါင်း ၂၄၀၀ ကျော် သေဆုံးပြီး ၁ သန်းကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အစ္စရေးဖက်ကတော့ IDF တပ်ဖွဲ့ဝင် ၁၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Euronews



















































