အမေရိကန် ရေတပ်က စီးနင်းထိန်းချုပ်ခဲ့တဲ့ အီရန် ရေယာဉ်တစ်စီးပေါ်မှာ တရုတ်က အီရန်ဆီ ပေးပို့ထားတဲ့ လက်ဆောင်တစ်ခုကို ရှာတွေ့ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
တရုတ်ဟာ အီရန်ဆီကို အဲဒီ လက်ဆောင်ကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဒီလုပ်ရပ်က သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကြားက ဆက်ဆံရေးအပေါ် ပြန်ပြီး မေးခွန်းထုတ်ချင်စရာ ဖြစ်လာကြောင်း CNBCနဲ့ အင်တာဗျူး တစ်ခုမှာ ဧပြီ ၂၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်က ဖမ်းဆီးခဲ့တဲ့ ရေယာဉ်တစ်စီးပေါ်မှာ သိပ်ပြီး သဘောတွေ့စရာ မဟုတ်တဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့ကြောင်း၊ တရုတ်က အီရန်ကို ပေးထားတဲ့ လက်ဆောင်ဖြစ်နိုင်ကြောင်း ထရမ့်က ဆိုပါတယ်။
သူဟာ ရှီနဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီး အီရန်ကိစ္စမှာလည်း ရှီနဲ့ သဘောတူညီမှု တစ်ခုခု ရယူထားနိုင်တယ်လို့ ယူဆခဲ့ကြောင်း၊ ဒါပေမဲ့ စစ်ပွဲတွေမှာ ဒါမျိုးတွေ ကြုံလေ့ရှိတတ်ပြီး သူ့အတွက်တော့ အဆင်ပြေကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

Public Service Announcement
ထရမ့်က သူရည်ညွှန်းတဲ့ တရုတ်ရဲ့ လက်ဆောင်ဆိုတာ ဘာကိုဆိုလိုသလဲ ရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့ပါဘူး။ အစောပိုင်းတုန်းက ထရမ့်ဟာ တရုတ်အစိုးရ အနေနဲ့ အီရန်ဆီ လက်နက်တွေ မထောက်ပံ့ဖို့ ရှီကို တောင်းဆိုခဲ့ပြီး ရှီကလည်း သဘောတူ ကတိပြုထားကြောင်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။
နောက်ပြီး ထရမ့်က သူ့ရဲ့ စကားထဲမှာ မနေ့တုန်းက ဖမ်းမိခဲ့တဲ့ ရေယာဉ်လို့ ဝေဝေဝါးဝါး သုံးနှုန်းသွားခဲ့ပြီး ဘယ်သင်္ဘောကို ဆိုလိုသလဲ ဆိုတာကို အတိအကျ မသိရပါဘူး။ အမေရိကန် ရေတပ်ဟာ ဟောမုဇ် ရေလက်ကြားနားမှာ အီရန် ကုန်တင် သင်္ဘောတစ်စီးကို စီးနင်းထိန်းချုပ်ခဲ့ကြောင်း ဧပြီ ၁၉ ရက်နေ့မှာ၊ သီရိလင်္ကာ ကမ်းရိုးတန်းနားမှာ အီရန် ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧပြီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်ဟာ နိုင်ငံပိုင် ရေယာဉ်တွေကလွဲပြီး နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုရဲ့ အလံအောက်မှာ ရွက်လွှင့်ခုတ်မောင်းတဲ့ တခြားရေယာဉ်တွေနဲ့ ရှုပ်ထွေးတဲ့ ဆက်နွှယ်ပတ်သက်မှုတွေ မရှိကြောင်း တုံ့ပြန်ထားပါတယ်။
ကိုးကား: Washington Examiner



















































