Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ပင်လယ်ပြင်ဖက်ဆီ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

ဧပြီ – ၂၂ ၊၂၀၂၆

မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ပင်လယ်ပြင်ဖက်ဆီ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၉ ရက် မနက်အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း၊ ဆင်ပိုဒေသဖက်ကနေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို အလေးအနက် စောင့်ကြည့်နေပြီး မိတ်ဖက် အမေရိကန်၊ ဂျပန်နိုင်ငံတို့နဲ့လည်း ရရှိထားတဲ့ အချက်အလက်တွေ အပြန်အလှန် မျှဝေနေကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ အခုနှစ်ထဲမှာ လက်နက်နည်းပညာ စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတရုံး တာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး တစ်ခုကို ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားဆီက ဒုံးကျည်တွေ ပစ်လွှတ်မှုကို ထောက်လှမ်း သိရှိခဲ့ကြောင်း၊ အဲဒီ ဒုံးကျည်တွေဟာ မြောက်ကိုရီးယား အရှေ့ဖက် ကမ်းလွန် ရေပြင် ကီလိုမီတာ ၁၄၀ လောက် အကွာမှာ ကျရောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကြေညာပါတယ်။

ဂျပန်အစိုးရက မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ရှုတ်ချခဲ့သလို အဲဒီ လုပ်ရပ်ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ တားမြစ်ချက်တွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ စွပ်စွဲသွားပါတယ်။

လဆန်းပိုင်းတုန်းကလည်း မြောက်ကိုရီးယားက နိုင်ငံခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းဟာ ရေတပ် ဖျက်သင်္ဘောပေါ်ကနေ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေကို ကိုယ်တိုင် ကြီးကြပ် စောင့်ကြည့်ခဲ့ကြောင်း ကြေညာခဲ့ဖူးပါတယ်။

အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်မှုတွေကို ပိုမို လုပ်ဆောင်လာကြောင်း၊ ဒါဟာ အီရန်လို မဟုတ်ဘဲ မြောက်ကိုရီးယား ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ကာကွယ်နိုင်ပါတယ်ဆိုတဲ့ သတင်းစကားမျိုး ပို့ဆောင်ချင်လို့ ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား သမ္မတရဲ့ လုံခြုံရေး အကြံပေး အရာရှိဟောင်း ကင်မ်ကီဂျောင်က ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုမှာ မြောက်ကိုရီးယားဟာ ဘယ်လို ပဲ့ထိန်းဒုံးကျည် အမျိုးအစားတွေ ပစ်ခတ်ခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

ဒါပေမဲ့ ဆင်ပိုဒေသမှာ မြောက်ကိုရီးယား ရေတပ်ရဲ့ ရေငုပ်သင်္ဘောတွေ အခြေစိုက်သလို ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်တဲ့ လက်နက်တွေ စမ်းသပ်ရာ နေရာတွေလည်း ရှိပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်၊ မေလတုန်းက ရေငုပ်သင်္ဘော အခြေစိုက် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို နောက်ဆုံးအကြိမ် ပစ်ခတ် စမ်းသပ်ဖူးပြီး အဲဒီတုန်းက ဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀ လောက်ထိ ရောက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ