ဧပြီ – ၂၂ ၊၂၀၂၆
အီရန် စစ်ပွဲကြောင့် ကွန်ဒုံးတွေ သိသိသာသာ စျေးတက်လာနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်ရေး လုပ်ငန်းစုကြီးက သတိပေးခဲ့ပါတယ်။
မလေးရှားမှာရှိတဲ့ Karex ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်က အီရန်စစ်ပွဲ ဆက်လက် ရှည်ကြာနေပြီး နိုင်ငံတကာ ကုန်သွယ်မှု လမ်းကြောင်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဆက်ရှိနေမယ်ဆိုရင် ကွန်ဒုံးစျေးတွေကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက် မြှင့်တင်ရဖွယ် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် ကုန်တင်ရေကြောင်း သင်္ဘောခတွေ စျေးကြီးလာတာ၊ တင်ပို့မှု နှောင့်နှေးတာတွေလည်း ကြုံလာတာကြောင့် ကွန်ဒုံးတွေ ကြိုတင်မှာယူမှုကလည်း သိသိသာသာ တိုးလာကြောင်း၊ အကျိုးဆက်အဖြစ် ကုမ္ပဏီ အနေနဲ့ ထုတ်ကုန်တွေ လက်ကျန် သိုလှောင်ထားနိုင်စွမ်းက မကြုံစဖူး လျော့နည်းလာကြောင်းလည်း ဂို မီယာ ခီယက်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
အခြေအနေက အရမ်းထိလွယ်ရှလွယ် ဖြစ်လာကြောင်း၊ ကုန်ကြမ်းစျေးတွေက မြင့်တက်လာတဲ့အခါ သုံးစွဲသူတွေဆီ ရောင်းချတဲ့ စျေးတွေကို မြှင့်တင်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိတော့ကြောင်း သူက ဧပြီ ၂၁ ရက်နေ့တုန်းက Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးသွားပါတယ်။
Karexဟာ နှစ်စဉ် ကွန်ဒုံးပေါင်း ၅ သန်းကျော်ကို ထုတ်လုပ်နေပါတယ်။ Durexနဲ့ Trojanစတဲ့ တံဆိပ်တွေဟာ Karexရဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ရဲ့ သားဆက်ခြား အစီအမံတွေအတွက်လည်း ကွန်ဒုံးတွေ ထောက်ပံ့ရောင်းချပေးနေပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အီရန်စစ်ပွဲကြောင့် ကုန်ကြမ်းစီးဆင်းမှု ထိခိုက်မှု ထိခိုက်လာတဲ့အတွက် ကွန်ဒုံးတွေသာ မကဘဲ ခွဲစိတ်ခန်းသုံး ဆရာဝန် လက်အိတ်လို ကုန်ပစ္စည်းတွေဟာလည်း စျေးတွေ မြင့်တက်လာနေပါတယ်။
ဂိုကတော့ လက်ရှိ အချိန်ထိ Karexဟာ နောက်ထပ် လပေါင်းတချို့စာ ထုတ်လုပ်မှုအတွက် ကုန်ကြမ်းတွေ ရှိနေကြောင်း၊ ပြီးတော့ တိုးလာနေတဲ့ ဝယ်လိုအားကို ဖြည့်တင်းနိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
အစောပိုင်းတုန်းက နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေ လျှော့ချဖြတ်တောက်ခံရတဲ့ အကျိုးဆက်အဖြစ် သားဆက်ခြား ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုတွေလည်း လျော့နည်းကုန်သလို ကွန်ဒုံးဝယ်လိုအားလည်း ကျဆင်းခဲ့ဖူးပါတယ်။
ဒီနှစ်မှာတော့ ကွန်ဒုံးဝယ်လိုအားက ၃၀ ရာခိုင်နှုန်းလောက် ပြန်တက်လာပေမယ့် စစ်ပွဲကြောင့် နိုင်ငံတကာ ရေလမ်းကြောင်း အနှောင့်အယှက် ပြဿနာတွေ ဖြစ်လာတဲ့အတွက် ကုန်စည်ပို့ဆောင်မှု ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
ရည်ရွယ်ထားတဲ့ နေရာဆီ မပို့ဆောင်နိုင်သေးဘဲ သင်္ဘောတွေပေါ်မှာ သောင်တင်နေတဲ့ ကွန်ဒုံးတွေ အများအပြား ရှိကြောင်း၊ အဲဒီ ပစ္စည်းတွေဟာ အထူးလိုအပ်နေတဲ့ နေရာဒေသတွေဆီ မရောက်နိုင်ဘဲ ဖြစ်နေကြောင်း ဂိုက ဆိုပါတယ်။
သူက ကွန်ဒုံးတွေကို ကိုယ်တိုင် အလုံးအရင်း မထုတ်လုပ်နိုင်ဘဲ အများအပြားလည်း မသိုလှောင်ထားနိုင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အခုအခါ ကွန်ဒုံးလိုအပ်ချက် ပိုမိုကြီးထွားလာနေကြောင်း ပြောကြားသွားပါတယ်။
ကိုးကား – Guardian



















































