အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ရေတပ် ညွှန်ကြားရေးမှူးဟာ ရာထူးကနေ ရုတ်တရက် ဖယ်ရှားခံခဲ့ရပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ဂျွန်ဖီလန်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲက ထွက်ခွာမှာဖြစ်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ ချက်ချင်း အသက်ဝင်မယ်လို့ ဧပြီ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဖီလန်က သူ့ရဲ့ ရာထူးကနေ ချက်ချင်း ထွက်ခွာပြီး လက်ထောက်ဖြစ်သူ ဟွန်ချောင်က ယာယီ အစားထိုး တာဝန်ယူသွားမယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က လူမှုကွန်ရက် မီဒီယာပေါ်မှာ ရေးသား ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိတွေ ထုတ်ပယ်ခံရတဲ့ ကိစ္စတွေ ပိုပြီး အဖြစ်များလာခဲ့ပါတယ်။ အမေရိကန်က ဟောမုဇ် ရေလက်ကြားနားမှာ အီရန် ဆိပ်ကမ်းတွေကို ရေတပ်အင်အားသုံး ပိတ်ဆို့ထားတဲ့ အချိန်မှာပဲ ဖီလန်လည်း ရာထူးက ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement
ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ အမေရိကန် ရေတပ်တို့အတွက် ကြိုးစား တာဝန်ထမ်းဆောင်ပေးခဲ့တဲ့အတွက် ဖီလန်ကို ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့ကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ပါနဲလ်က ရေးသားထားပါတယ်။ ဖီလန်ရဲ့ အနာဂတ် ခြေလှမ်းတွေမှာ အောင်မြင်မှုတွေ ရရှိဖို့လည်း ဆန္ဒပြုကြောင်း သူက ဆိုပါတယ်။
ဖီလန် ဘာကြောင့် သူ့ရဲ့ ရာထူးကနေ ရုတ်တရက် ထွက်ခွာခဲ့ရသလဲ ဆိုတာကို ပင်တဂွန်ရော၊ ရေတပ်ကပါ အကြောင်းပြချက် မပေးခဲ့ပါဘူး။ သိပ်မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း ကြည်းတပ် ညွှန်ကြားရေးမှူး ရန်ဒီဂျော့ဂျ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ညွှန်ကြားခဲ့ပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ရာထူးကြီး အရာရှိတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟော့ဒ်နေးနဲ့ ဗိုလ်ချုပ် ဝီလီယံ ဂရင်းတို့ဟာလည်း သူတို့ရဲ့ ရာထူးတွေက မကြာသေးခင် အတောအတွင်း အသီးသီး ထုတ်ပယ်ခံခဲ့ရပါတယ်။
ဟက်ဂ်ဆက်သ်ဟာ ကာကွယ်ရေး ဝန်ကြီးဖြစ်လာချိန် ကတည်းက အမေရိကန် ထိပ်တန်း စစ်ဘက် အရာရှိ တစ်ဒါဇင်ထက် မနည်းကို ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
ဖီလန်ဟာ စစ်မှုထမ်း အတွေ့အကြုံ မရှိတဲ့ အရပ်သားတစ်ဦးဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ရေတပ် ညွှန်ကြားရေးမှူးအဖြစ် ပြီးခဲ့တဲ့နှစ်၊ မတ်လက စတင်တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့နေရာမှာ ယာယီ အစားထိုး ဆက်ခံမယ့် ချောင်ကတော့ လုပ်သက် ၂၅ နှစ် ရှိခဲ့ဖူးတဲ့ ရေတပ် အမှုထမ်းဟောင်း တစ်ဦးလို့ သိရပါတယ်။
ကိုးကား: BBC



















































