Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိ​ယ သမုဒ္ဒရာ မှာ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန် စီးနင်း

အီရန်ရဲ့ ရေနံတွေကို မှောင်ခို သယ်ယူပေးနေတယ်လို့ စွပ်စွဲပြီး နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - US Defense Department

ဧပြီ – ၂၃ ၊၂၀၂၆

အီရန်ရဲ့ ရေနံတွေကို မှောင်ခို သယ်ယူပေးနေတယ်လို့ စွပ်စွဲပြီး နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် ရေတပ်က ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အိန္ဒိယ သမုဒ္ဒရာထဲမှာ Majestic X ဝမ်းပြား ရေယာဉ်ကြီးကို ကြားဖြတ် စီးနင်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ပြီးတော့ အဲဒီသင်္ဘော ကုန်းပတ်ပေါ်ကို အမေရိကန် ကွန်မန်ဒိုတွေက ရဟတ်ယာဉ်ပေါ်ကနေ ဆင်းသက်နေတဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ပါဝင်နေတဲ့ နိုင်ငံမဲ့ ရေယာဉ် Majestic Xဟာ အီရန်ရဲ့ ရေနံတွေကို သယ်ယူပို့ဆောင်ပေးနေတာကြောင့် အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်က လုပ်ပိုင်ခွင့်တွေနဲ့အညီ တက်ရောက် စီးနင်းခဲ့တဲ့အကြောင်း ဧပြီ ၂၃ ရက်နေ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင် ကွန်ရက်တွေကို တားဆီးဖို့၊ ပိတ်ဆို့အရေးယူထားတဲ့ ရေယာဉ်တွေက အီရန်အတွက် ထောက်ပံ့နေမှုတွေကို ဟန့်တားဖို့ အမေရိကန်ဟာ နိုင်ငံတကာ ရေကြောင်း ဥပဒေစိုးမိုးရေး တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေမယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Majestic Xဟာ သီရိလင်္ကာနဲ့ အင်ဒိုနီးရှားတို့ကြား အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအနီးတဝိုက် ရေပြင်မှာ အမေရိကန်ဟာ မကြာသေးခင်က အီရန် ရေနံတွေ တင်ဆောင်လာတဲ့ ရေနံတင် သင်္ဘော Tifaniကိုလည်း အလားတူ စီးနင်း ထိန်းချုပ်ခဲ့ပါတယ်။

Majestic Xဟာ တရုတ်နိုင်ငံ ဇူရှန်းမြို့ဆီ ဦးတည် ခုတ်မောင်းနေခဲ့တာလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အီရန်ဖက်က ကြေညာချက်တစ်ခုခု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အီရန်က အရပ်ဖက် ရေယာဉ် ၃ စီးကို တိုက်ခိုက်ခဲ့ပြီး အဲဒီထဲက ၂ စီးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်အပြီး နောက်တစ်နေ့မှာပဲ Majestic Xကို အမေရိကန်က စီးနင်းခဲ့တာ ဖြစ်ပါတယ်။

အရင်က Phoenixဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးတဲ့ Majestic Xဟာ ဂိုင်ယာနာ အလံကို လွှင့်ထူထားပြီး ၂၀၂၄ ခုနှစ် ကတည်းက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ရောက်ရှိနေခဲ့ကြောင်း သိရပါတယ်။

ကိုးကား – New York Post ၊ ရုပ်သံ – U.S Navy

ဆက်စပ်သတင်းများ