ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အီရန်အစား အီတလီ နိုင်ငံကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့ ပူးပေါင်းပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ အစဉ်အလာ အကြီးဆုံး ဘောလုံးနိုင်ငံ တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ အီတလီကတော့ ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် အခုနှစ် ကမ္ဘာ့ဖလားနဲ့ လွဲချော်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်နဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ အီရန်နိုင်ငံရဲ့ လက်ရွေးစင် အသင်းကတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
ထရမ့်ခန့်အပ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထူးကိုယ်စားလှယ် ပေါ်လို ဇမ်ပိုလီက သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အီရန်အစား အီတလီကို အစားထိုး ယှဉ်ပြိုင်စေဖို့ ဖီဖာဆီ အကြံပြုခဲ့ကြောင်း Financial Times သတင်းစာဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။
ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုနဲ့ တွေ့ဆုံတဲ့အခါ သူက ကမ္ဘာ့ဖလားမှာ အီရန်အစား အီတလီကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း၊ သူဟာ အီတလီဖွား တစ်ဦးဖြစ်ပြီး အီတလီ အသင်းက အမေရိကန် အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ကြောင်း ဇမ်ပိုလီက ဆိုပါတယ်။

Public Service Announcement
အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့ဖူးပေမယ့် ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးတာကြောင့် အထူးအခွင့်အရေး အနေနဲ့ ပြိုင်ပွဲဝင်ခွင့် ရသင့်တယ်လို့လည်း ဇမ်ပိုလီက ဆက်ပြောပါတယ်။
ထရမ့်ဟာ သူ့ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဆက်ဆံရေး မပြေလည်မှုတချို့ ကြုံထားခဲ့ပါတယ်။ ဇမ်ပိုလီရဲ့ စကားက အဲဒီ အခြေအနေကို အမေရိကန်က ပြန်လည် ပြင်ဆင်ဖို့ အားထုတ်မှု တစ်ခု ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ထရမ့်ရဲ့ ကိုယ်စားလှယ်က အီရန်အစား အီတလီကို ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ ဖီဖာဆီ တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို အိမ်ဖြူတော်၊ ဖီဖာ၊ အီတလီနဲ့ အီရန် ဘောလုံး အဖွဲ့ချုပ်တွေဖက်က ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိသေးပါဘူး။
မတ်လတုန်းက အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး နောက်ဆုံးအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဘော့စနီးယား ဟာဇီဂိုးဗီးနားနဲ့ ယှဉ်ပြိုင်ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ အီတလီအတွက် ကမ္ဘာ့ဖလား ၃ ကြိမ်ဆက်တိုက် ခြေစစ်ပွဲ မအောင်မြင်မှုအဖြစ်လည်း မှတ်တမ်းဆိုး ဝင်သွားစေခဲ့ပါတယ်။
ကိုးကား: Guardian


















































