Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်မှာ မိုင်းထောင်နေတဲ့ အီရန်လှေတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ ထရမ့်အမိန့်ပေး

ဟောမုဇ် ရေလက်ကြားနဲ့ အနီးတဝိုက်မှာ ရေမြှုပ်မိုင်း ထောင်နေတဲ့ အီရန်ရဲ့ လှေမှန်သမျှကို တွေ့ရာနေရာမှာ တိုက်ခိုက် နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဟောမုဇ် ရေလက်ကြားနဲ့ အနီးတဝိုက်မှာ ရေမြှုပ်မိုင်း ထောင်နေတဲ့ အီရန်ရဲ့ လှေမှန်သမျှကို တွေ့ရာနေရာမှာ တိုက်ခိုက် နှစ်မြှုပ်ပစ်ဖို့ အမိန့်ပေးထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်ကြား အပစ်အခတ် ရပ်စဲရေး ကာလကို သက်တမ်းတိုးထားတဲ့တိုင်အောင် ဟောမုဇ်လုံခြုံရေးနဲ့ ပတ်သက်လာရင် ရန်လိုတဲ့ သဘောထားမျိုးကို ဆက်လက် ဆုပ်ကိုင်ထားမယ် ဆိုတာကို ထရမ့်က ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ရေထဲမှာ ရေမြှုပ်မိုင်းတွေ ချနေတာတွေ့ရင် ဘယ်လှေကိုမဆို ပစ်ခတ် နှစ်မြှုပ်ဖို့ သူက အမေရိကန် ရေတပ်ကို အမိန့်ပေးထားကြောင်း ထရမ့်က ဧပြီ ၂၃ ရက်နေ့တုန်းက လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ ဒီလို အမိန့်မျိုး ထုတ်ပြန်ဖို့ ဘာအကြောင်းနဲ့မှ နှောင့်နှေးနေစရာလည်း မရှိဘူးလို့ ထရမ့်က ဆိုပါတယ်။

အီရန်ရေတပ် တစ်ခုလုံးနီးပါး ဖျက်ဆီးခံထားရပြီ ဖြစ်တာကြောင့် အခုလို မိုင်းထောင်တဲ့ လှုပ်ရှားမှုတွေမှာ အသုံးပြုနေတာဟာ အသေးစား လှေလေးတွေသာ ဖြစ်နိုင်တယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဟောမုဇ် ရေလက်ကြားမှာ မိုင်းရှင်းလုပ်ငန်းတွေကို သုံးဆ အရှိန်မြှင့် ဆောင်ရွက်ဖို့လည်း အမေရိကန် ရေတပ်ကို အမိန့်ပေးထားကြောင်း ကြေညာခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားမှာ အီရန်ထောင်ထားတဲ့ ရေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့ အချိန် ၆ လလောက် ကြာမြင့်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယူဆထားကြောင်း အစောပိုင်းတုန်းက သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ရုံးစိုက်ရာ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဧပြီ ၂၂ ရက်နေ့ သုံးသပ်ချက်မှာတော့ တကယ်လို့ စစ်ပွဲ ပြီးဆုံးသွားပြီ ဆိုရင်တောင်မှ ရေမြှုပ်မိုင်း ရှင်းလင်းရေးဟာ ကျိန်းသေပေါက် လတချို့ကြာအောင် အချိန်ယူရလိမ့်မယ်လို့ ပါရှိခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ကလည်း နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချပစ်ခဲ့ပါတယ်။ အဲဒီ ရေလက်ကြားဟာ နိုင်ငံတကာ ရေနံတင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တာကြောင့် ဟောမုဇ် ပိတ်ခံရချိန်မှာ ကမ္ဘာအနှံ့ လောင်စာဆီ စျေးတွေလည်း မြင့်တက်ကုန်ပါတယ်။

အီရန်ဟာ ဟောမုဇ်ကို ပိတ်ထားချိန်အတွင်း ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့သလို ရေမြှုပ်မိုင်းတွေလည်း ထောင်ထားခဲ့ပါတယ်။ လက်ရှိမှာ အီရန်နဲ့ အမေရိကန်တို့ အပစ်အခတ် ရပ်စဲထားပေမယ့် ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ဟာ ဆက်ပြီး ပိတ်ဆို့ခံထားရဆဲ ဖြစ်ပါတယ်။ အမေရိကန်ကလည်း ဟောမုဇ်မှာ ရေတပ်အင်အား ဖြန့်ကျက်ထားပြီး အီရန်က ထွက်လာသမျှ သင်္ဘောတွေကို စောင့်ကြို ဖမ်းဆီးနေခြင်းက အခြေအနေကို ပိုပြီး ရှုပ်ထွေးလာစေခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီရဲ့ လျှို့ဝှက် ကြားနာမှု တစ်ခုမှာ ပင်တဂွန်က ဟောမုဇ်ရေလက်ကြား ရေမြှုပ်မိုင်း ရှင်းလင်းရေး ခန့်မှန်း ကြာမြင့်ချိန်ကို ခြောက်လဝန်းကျင်လို့ သုံးသပ် ဖော်ပြခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းဌာနက ဆိုပါတယ်။

ရေလက်ကြား တဝိုက်မှာ နေရာပေါင်း ၂၀ ထက်မနည်းမှာ အီရန်က ရေမြှုပ်မိုင်းတွေ ထောင်ထားနိုင်ကြောင်း၊ တချို့ မိုင်းတွေက GPS လမ်းညွှန် နည်းပညာ အသုံးပြုပြီး အဝေးထိန်း စနစ်နဲ့ ရွှေ့ပြောင်းနိုင်တာကြောင့် ထောက်လှမ်းရှာဖွေဖို့ ပိုမို ခက်ခဲနိုင်ကြောင်း ပင်တဂွန်က သုံးသပ်ထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရရှိ ရှောင်ပါနဲလ်က ဝါရှင်တန်ပို့စ် သတင်းမှာပါတဲ့ အချက်အလက် အားလုံးကတော့ မမှန်ကန်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဟောမုဇ်ကို မိုင်းရှင်းဖို့ ၆ လလောက် ပိတ်ထားဖို့ ဆိုတာက မဖြစ်နိုင်သလို ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကလည်း လက်ခံမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဝါရှင်တန်ပို့စ် သတင်းမှာပါတဲ့ အချက်အလက်တွေဟာ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆက်နွှယ်တဲ့ လျှို့ဝှက် ကြားနာမှု တစ်ခုနဲ့ ပတ်သက် ဆက်နွှယ်တယ်ဆိုတာ မှန်ပေမယ့် အချက်အလက် အများစုက မှားနေတယ်လို့ သူက ပြောပါတယ်။

အီရန်ရဲ့ အင်အား အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဟောမုဇ် ရေလက်ကြားတဝိုက် ၁၄၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ ရေပြင်ကို ရေမြှုပ်မိုင်း အန္တရာယ်ဇုန်အဖြစ် ကြေညာထားပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီထက် ၁၄ ဆ ပိုတဲ့ အကျယ်အဝန်း ဖြစ်ပါတယ်။

အီရန် အစိုးရကတော့ ဟောမုဇ်နားမှာ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုတွေ ဆက်ရှိနေသမျှ ကာလပတ်လုံး အီရန်ကလည်း ဟောမုဇ်ကို ပြန်ဖွင့်ပေးမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Al Jazeera, AFP

ဆက်စပ်သတင်းများ