Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Selfie ဓာတ်ပုံရိုက်ရာက တိုက်လေယာဉ်ချင်း တိုက်မိခဲ့တဲ့ ကိစ္စအပေါ် တောင်ကိုရီးယား လေတပ် တောင်းပန်

လေယာဉ်မှူးတွေ selfie ဓာတ်ပုံရိုက်နေလို့ တိုက်လေယာဉ်နှစ်စီး တိုက်မိခဲ့ဖူးကြောင်း စစ်ဆေး ပေါ်ပေါက်လာတဲ့နောက် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား လေတပ်က တောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

လေယာဉ်မှူးတွေ selfie ဓာတ်ပုံရိုက်နေလို့ တိုက်လေယာဉ်နှစ်စီး တိုက်မိခဲ့ဖူးကြောင်း စစ်ဆေး ပေါ်ပေါက်လာတဲ့နောက် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား လေတပ်က တောင်းပန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက တောင်ကိုရီးယား တိုက်လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိခိုက်မှု ကုန်ကျစရိတ်တွေကို စာရင်းစစ် အဖွဲ့က စစ်ဆေးခဲ့တဲ့နောက် ဧပြီ ၂၂ ရက်နေ့မှာ အကြောင်းရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ တိုက်လေယာဉ်မှူးတွေဟာ Selfie ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ရင်း တိုက်မိခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းဟာ လူထုကြားမှာ ဒေါသထွက်စရာ၊ ဝေဖန်စရာတွေ ဖြစ်လာတဲ့နောက် တောင်ကိုရီးယား လေတပ်က တောင်းပန်ခဲ့တာပါ။ ၂၀၂၁ တုန်းက ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုက လူထုအတွက် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်စေခဲ့တာကြောင့် အနူးအညွတ် တောင်းပန်ပါကြောင်း လေတပ် ပြောရေးဆိုခွင့်ရ အရာရှိက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူက လေယာဉ်မှူးတွေထဲက တစ်ဦးဟာ ပျံသန်းခွင့် ပိတ်သိမ်းခံရပြီး စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်း အရေးယူမှုတွေ ခံခဲ့ရကြောင်း၊ အခုအခါ တပ်ထဲက ထွက်သွားပြီဖြစ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စာရင်းစစ်ရုံးရဲ့ ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ F-15K တိုက်လေယာဉ် နှစ်စီးရဲ့ လေယာဉ်မှူးတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဗီဒီယိုရိုက်ဖို့အတွက် ကြိုတင် စီစဉ်မထားတဲ့ စတန့်ပျံသန်းမှု တစ်ခုကို ပြုလုပ်ရင်း တိုက်မိခဲ့ကြကြောင်း ပါရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်း ဒေဂူမြို့နားက အုပ်စုဖွဲ့ ပျံသန်းမှု တစ်ခုအတွင်း လေယာဉ်မှူး တစ်ဦးဟာ အဲဒီ ယူနစ်အတွက် သူ့ရဲ့ နောက်ဆုံး တာဝန်ကျ ပျံသန်းမှုကို အမှတ်တရ မှတ်တမ်းတင်ဖို့ စီစဉ်ခဲ့ပါတယ်။ သူက လေယာဉ်ကို သိသိသာသာ ဦးမော့ ပျံသန်းခဲ့ပြီး အဲဒီနောက် ကင်မရာမြင်ကွင်း ပိုရှင်းအောင် အတွင်းဖက်ကို ချိုးဝင်ခဲ့ပါတယ်။ အဲဒီယူနစ်ရဲ့ ဦးဆောင် လေယာဉ်မှူးကလည်း ဗီဒီယို လှမ်းရိုက်ခဲ့ပါတယ်။

လေယာဉ်နှစ်စီး အရမ်းနီးကပ်လာချိန်မှာ ခွာထွက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ချဉ်းကပ်လာတဲ့ လေယာဉ်ရဲ့ အမြီးနဲ့ ဦးဆောင် တိုက်လေယာဉ်ရဲ့ တောင်ပံတို့ ထိခိုက်မိခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် အမေရိကန်ဒေါ်လာ ၆ သိန်းဖိုးလောက် ဆုံးရှုံးပျက်စီးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်တစ်ခုလုံးမှာ အဓိက တာဝန်ရှိသူအဖြစ် စတန့်ထွင် ပျံသန်းခဲ့တဲ့ လေယာဉ်မှူးကို စာရင်းစစ် အဖွဲ့က အပြစ်တင်ထားပေမယ့် ပျံသန်းနေချိန် အတောအတွင်း ဗီဒီယို ရိုက်ကူးမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ပုံ လျော့ရဲခဲ့တဲ့ လေတပ်ကိုလည်း ဝေဖန်ထားခဲ့ပါတယ်။ လေယာဉ်မှူးဟာ ပျက်စီးမှုတန်ဖိုးရဲ့ ၁၀ ပုံ ၁ ပုံကို စိုက်ထုတ် ပေးလျော်ရမယ်လို့လည်း ညွှန်ကြားခံခဲ့ရပါတယ်။

လေတပ်ကတော့ အလားတူ ဖြစ်ရပ်မျိုး ထပ်မကြုံရအောင် ပျံသန်းမှု လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ပိုမို တင်းကျပ်ထားလိုက်ကြောင်း ကြေညာထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ