အိန္ဒိယကို ငရဲတံခါးပေါက် တစ်ခုလို့ သုံးနှုန်းထားတဲ့ မှတ်ချက်စကားတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့အပေါ် အိန္ဒိယက တုံ့ပြန် ဝေဖန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက အိန္ဒိယကို နောက်လထဲမှာ သွားရောက်မယ့် ခရီးစဉ် မတိုင်ခင်မှာ ထရမ့်ဟာ အငြင်းပွားစရာ ဖြစ်စေမယ့် အဲဒီ မှတ်ချက်မျိုးတွေကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၂၂ ရက်နေ့က ထရမ့်ဟာ စာမျက်နှာ ၄ ခုစာလောက် screenshotတွေကို ဝေမျှထားခဲ့ပါတယ်။ အဲဒီ စာသားတွေဟာ ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒီ podcast အစီအစဉ်မှူး မိုက်ကယ် ဆားဗေ့ဂျ်က ပြည်တွင်းမှာ မွေးဖွားတဲ့ ကလေးတိုင်း နိုင်ငံသား ဖြစ်ခွင့်ပြုထားတဲ့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်ထားတာ ဖြစ်ပါတယ်။
တိကျတဲ့ အထောက်အထား မရှိပေမယ့် ဆားဗေ့ဂျ်က အမေရိကန် နည်းပညာ ရပ်ဝန်းထဲ ရောက်ရှိနေတဲ့ အိန္ဒိယ ရွှေ့ပြောင်း အခြေချသူတွေဟာ လူဖြူ အမေရိကန်တွေအစား အင်္ဂလိပ် စကားတောင် ကောင်းကောင်းမတတ်တဲ့ အိန္ဒိယ နိုင်ငံသားတွေကို ခေါ်ယူ အလုပ်ခန့်နေတယ်လို့ စွပ်စွဲထားခဲ့ပါတယ်။ အဲဒီအကြောင်းအရာတွေကို ဆားဗေ့ဂျ်က ပြောကြားထားတဲ့ ဗီဒီယို တစ်ခုကိုလည်း ထရမ့်က ဝေမျှထားပါသေးတယ်။

Public Service Announcement
အမေရိကန်မှာ မွေးရုံနဲ့တင် ကလေးတစ်ယောက်ဟာ ချက်ချင်း နိုင်ငံသား ဖြစ်လာကြောင်း၊ နောက်ပိုင်းကျရင် သူတို့ဟာ တရုတ်၊ ဒါမှမဟုတ် အိန္ဒိယနဲ့ တခြား ငရဲတံခါးပေါက်တွေထဲက မိသားစု တပြုံတမကြီးကို ခေါ်သွင်းကြကြောင်း ဆားဗေ့ဂျ်က ပြောကြားထားပါတယ်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ်က ဒီလို မှတ်ချက် စကားမျိုးတွေဟာ မမှန်ကန်သလို မသင့်မလျော် ဖြစ်လွန်းကြောင်း၊ အပြန်အလှန် လေးစားမှုနဲ့ အကျိုးစီးပွားတွေအပေါ် မှီခိုပြီး တည်ဆောက်ထားတဲ့ အမေရိကန်-အိန္ဒိယ ဆက်ဆံရေးနဲ့လည်း အပ်စပ်မှု မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယ ရွှေ့ပြောင်းအခြေချသူ မိသားစုတွေဆီက မွေးဖွားလာတဲ့ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု အမေရိကန် လွှတ်တော်အမတ် အမီယာ ဘီရာက ဒီလို ပို့စ်မျိုးကို မျှဝေထားတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ ယူထားတဲ့ ရာထူးနဲ့ မတန်အောင် ဆိုးရွားတဲ့၊ စော်ကားတဲ့၊ သိက္ခာကင်းမဲ့တဲ့ အပြုအမူ ဖြစ်နေကြောင်း ဝေဖန်ခဲ့ပါတယ်။ ရေပေါ်ဆီ အထက်တန်းလွှာ မိသားစုမှာ မွေးဖွားခဲ့တဲ့ သမ္မတ ထရမ့်ဟာ ရွှေ့ပြောင်းအခြေချ မိသားစုတွေ ရုန်းကန်ရတဲ့ ခက်ခဲတဲ့ အခြေအနေမျိုးကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ကြောင်း သူက ဆိုပါတယ်။
ဟိန္ဒူအမေရိကန် အဖွဲ့ကလည်း ထရမ့်မျှဝေထားတဲ့ မှတ်ချက်စကားတွေက အမုန်းတရားဆန်ပြီး လူမျိုးရေး ခွဲခြားမှု သဘောတရားတွေ ပါဝင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန် သမ္မတ တစ်ဦးကိုယ်တိုင်က ဒီလို စကားမျိုးတွေကို အားပေးတဲ့သဘော ဖြစ်နေရင် ပိုဆိုးတဲ့ အမုန်းတရား ဖြန့်ဝေမှုတွေ ဖြစ်လာစေနိုင်ပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွက် အန္တရာယ် ကျရောက်လာနိုင်ကြောင်း အဲဒီအဖွဲ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေကို သိမ်းကြုံးဖြိုခွင်းတဲ့ မူဝါဒကို သူ့ရဲ့ မဲဆွယ်ကတိ တစ်ခုအဖြစ် အကောင်အထည် ဖော်နေတဲ့ ထရမ့်ဟာ အိန္ဒိယ နည်းပညာ ဝန်ထမ်းတွေ အဓိက အသုံးပြုလေ့ရှိတဲ့ ဗီဇာတွေကို ပစ်မှတ်ထား တင်းကျပ်မှုတွေလည်း ရှိနေပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ စစ်ရေး ပဋိပက္ခအတွင်း သူ့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကို အရေးမပါသယောင် မှတ်ချက်ပေးခဲ့တဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ပတ်သက်လို့လည်း ထရမ့်က မကျေမချမ်း ဖြစ်နေဟန် ရှိပြီး အိန္ဒိယအပေါ် အမေရိကန်က သွင်းကုန်အခွန် မြှင့်တင် ကောက်ယူမှုတွေကို လအတော်ကြာ သတ်မှတ်ထားခဲ့ပါတယ်။
ကိုးကား: Guardian


















































