Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မာဒူရို ဖယ်ရှားခံရမယ်လို့ လောင်းကြေးထပ်ပြီး ဒေါ်လာ ၄၀၀၀၀၀ ကျော် နိုင်သွားတဲ့ အမေရိကန်စစ်သား အဖမ်းခံရ

ဗင်နီဇွဲလား သမ္မတ(ဟောင်း) နစ်ကိုလက်စ် မာဒူရိုဟာ ရာထူးက ဖယ်ရှားခံရလိမ့်မယ်လို့ ကြိုတင် လောင်းကြေးထပ်ခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ ကွန်မန်ဒိုတစ်ဦး အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဗင်နီဇွဲလား သမ္မတ(ဟောင်း) နစ်ကိုလက်စ် မာဒူရိုဟာ ရာထူးက ဖယ်ရှားခံရလိမ့်မယ်လို့ ကြိုတင် လောင်းကြေးထပ်ခဲ့တဲ့ အမေရိကန် အထူးတပ်ဖွဲ့ ကွန်မန်ဒိုတစ်ဦး အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။

နှစ်ဆန်းပိုင်းတုန်းက ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကရာဆက်စ်မှာ အမေရိကန်က အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင် တစ်ဦးဟာ ဒီသတင်းကို လူသိရှင်ကြား မထုတ်ပြန်ခင်မှာ Polymarketလို့ခေါ်တဲ့ လောင်းကစား ပလက်ဖောင်း တစ်ခုမှာ မာဒူရို ဖယ်ရှားခံရလိမ့်မယ်လို့ လောင်းကြေးထပ်ပြီး အကျိုးအမြတ် အများအပြား ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေးလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားဆဲ ကာလမှာ ဂန်နွန် ကန် ဗန်ဒိုက်ခ်ဟာ အဲဒီ လောင်းကြေးထပ်မှုကို လုပ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ အတွင်းသတင်း ပေါက်ကြားစေမှု မြောက်သလို ဖက်ဒရယ် ဥပဒေတွေအရ ပြစ်မှုမြောက်ကြောင်း ဧပြီ ၂၃ ရက်နေ့မှာ အမေရိကန် တရားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မြောက်ပိုင်း ကာရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ ဖို့တ်ဘရက်ဂ် စစ်စခန်းမှာ တာဝန်ကျနေတဲ့ ဗန်ဒိုက်ခ်ဟာ အဲဒီ အလောင်းအစားကြောင့် ဒေါ်လာ ၄၀၉၀၀၀ လောက် ပွပေါက်တိုးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် တပ်တွေဟာ ဇန်နဝါရီ ၃ ရက်နေ့ ညတုန်းက ဗင်နီဇွဲလား သမ္မတ အိမ်တော်ထဲထိ ဝင်ရောက်ပြီး မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လောလောဆယ် နယူးယောက်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် အမှုရင်ဆိုင်နေရပါတယ်။

ဗန်ဒိုက်ခ်ဟာ အမေရိကန်က မာဒူရိုကို ဖမ်းဆီးမယ့် စစ်ဆင်ရေးရဲ့ အချိန်ကာလနဲ့ ရလဒ်တွေကို ထည့်သွင်း ခန့်မှန်းပြီး လောင်းကြေးထပ်ခဲ့ကြောင်း၊ သူ့လုပ်ရပ်ဟာ ကိုယ်ကျိုးသက်သက်အတွက် လျှို့ဝှက်အဆင့် သတင်းအချက်အလက်တွေနဲ့ အပေးအယူလုပ် ဖလှယ်တဲ့ အဓိပ္ပါယ် သက်ရောက်ခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Polymarketက သုံးစွဲသူ တစ်ဦးဟာ အစိုးရရဲ့ လျှို့ဝှက်အဆင့်လို့ ယူဆရတဲ့ သတင်းအချက်အလက်တွေကို အသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် တရားရေး ဝန်ကြီးဌာနဆီ အကြောင်းကြားခဲ့သလို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေမှာလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဗန်ဒိုက်ခ်ဟာ အစိုးရရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို ကိုယ်ကျိုးရှာ အသုံးပြုမှု၊ တရားဝင် မထုတ်ပြန်တဲ့ အစိုးရ သတင်းအချက်အလက်တွေကို ခိုးယူမှု၊ လိမ်လည်မှု၊ တရားမဝင် ငွေကြေးလွှဲပြောင်း ရယူမှုစတဲ့ စွပ်စွဲချက်တွေအတွက် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အမေရိကန် စစ်မှုထမ်း အမျိုးသား အမျိုးသမီး အားလုံးဟာ နိုင်ငံရဲ့ အထူးလျှို့ဝှက်အဆင့် သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် ယုံကြည်စွာ အပ်နှင်းခံထားရသူတွေအဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လိုကြောင်း၊ အဲဒီလို သတင်းအချက်အလက်တွေကို ကိုယ်ကျိုးအတွက် အသုံးချတဲ့ ဘယ်လို လုပ်ရပ်ကိုမဆို ပြင်းပြင်းထန်ထန် တားမြစ်ထားကြောင်း ရှေ့နေချုပ် တော့ဒ်ဘန်ချေးက ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်ခ်ရဲ့ အလောင်းအစား ကိစ္စအကြောင်းကို ဧပြီ ၂၃ ရက်နေ့မှာ သတင်းထောက်တွေက မေးမြန်းခဲ့တဲ့အခါ ထရမ့်က ဒီအကြောင်းကို သူမကြားမိသေးကြောင်း၊ ဒါပေမဲ့ ပြန်ပြီး ဆန်းစစ်ကြည့်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီပုံစံနဲ့ လောင်းကစားမှုမျိုးကနေ အတွင်းသတင်း ပေါက်ကြားမှု ဖြစ်နိုင်ခြေအပေါ် သူ့အမြင်ကို မေးမြန်းခဲ့တဲ့အခါ ထရမ့်က ဒီလို ကိစ္စတိုင်းကို သူသဘောမကျနိုင်ကြောင်း တုံ့ပြန်သွားပါတယ်။

ကံမကောင်းတာက တစ်ကမ္ဘာလုံးကိုက ကာစီနို လောင်းကစားရုံကြီး တစ်ခုလို ဖြစ်လာနေကြောင်း၊ ဥရောပမှာ ဆိုရင်လည်း နေရာတိုင်းမှာ အလောင်းအစားတွေချည်း လုပ်နေကြောင်း၊ သူကတော့ အဲဒီလို ကိစ္စတွေမှာ သဘောမကျသလို အားပေးမှာလည်း မဟုတ်ကြောင်း ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ