Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-လက်ဘနွန် အပစ်ရပ်ကာလ သက်တမ်းတိုးနိုင်ခဲ့ကြောင်း ထရမ့်ကြေညာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး ကာလကို သီတင်းသုံးပတ် သက်တမ်း ထပ်တိုးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - The New York Times

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး ကာလကို သီတင်းသုံးပတ် သက်တမ်း ထပ်တိုးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

မူလက အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား ၁၀ ရက်ကြာ အပစ်ရပ်ထားပြီး ဧပြီ ၂၃ ရက်နေ့က အိမ်ဖြူတော်မှာ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တဲ့နောက် အခုလို သက်တမ်း ထပ်တိုးဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင် တိုက်ခိုက်ခဲ့တဲ့နောက် မတ်လဆန်းမှာ လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေက အစ္စရေးပိုင်နက်ထဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးကလည်း လက်ဘနွန်မှာ ရှိနေတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လက်တုံ့ပြန်ခဲ့ရာက လက်ဘနွန်ပါ စစ်ထဲ ဆွဲအသွင်း ခံခဲ့ရပါတယ်။

နောက်တော့ ဧပြီလဆန်းမှာ အီရန်နဲ့ အမေရိကန်တို့ကြား အပစ်ရပ် သဘောတူညီမှု ရရှိသွားပေမယ့် အစ္စရေးက လက်ဘနွန်မှာ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။ လက်ဘနွန်က စစ်ရေး ပဋိပက္ခတွေဟာ အမေရိကန် ကြားဝင် စေ့စပ်ပေးခြင်းနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်ကျမှသာ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၃ ရက်နေ့တုန်းက အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးနဲ့ လက်ဘနွန် သံအမတ်တွေကြား အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ အရမ်း အဆင်ပြေပြေနဲ့ အဆုံးသတ်ခဲ့ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

လက်ဘနွန် အစိုးရ အနေနဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုက္ခပေးမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် အမေရိကန်က ထဲထဲဝင်ဝင် အကူအညီ ပေးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

သိပ်မကြာခင်မှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းတို့နဲ့ပါ လူချင်းတွေ့ဆုံ စကားပြောချင်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

အပစ်ရပ် သက်တမ်းတိုးရေးကိစ္စ ဆွေးနွေးဖို့ အိမ်ဖြူတော်ဆီ ရောက်ရှိလာခဲ့တဲ့ လက်ဘနွန် သံအမတ် နာဒါ ဟာမာဒါ မိုဝက်ဒ်နဲ့ အစ္စရေး သံအမတ် ယေချီရယ်လ် လိုင်တာတို့ နှစ်ဦးစလုံးကို ထရမ့်ကိုယ်တိုင် ကြိုဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ မကြာခင် အစ္စရေးနဲ့ လက်ဘနွန်တို့ကြား တရားဝင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းယူနိုင်ဖို့ မျှော်လင့်ကြောင်း လိုင်တာက ဘဲဥပုံ ရုံးခန်းမှာ ထရမ့်ကို ပြောကြားခဲ့ပါတယ်။ ဟာမာဒါကလည်း အမေရိကန် ပြည်ထောင်စု၊ ထရမ့်ရဲ့ ဦးဆောင်မှုနဲ့ လက်ဘနွန်ကို အထောက်အပံ့ ဖြစ်စေတဲ့ ထရမ့်ရဲ့ အားထုတ်မှု အားလုံးကို လက်ဘနွန်က ကျေးဇူးတင်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အပစ်ရပ်ထားပေမယ့် အစ္စရေးဟာ နိုင်ငံမြောက်ပိုင်းနဲ့ ထိစပ်ရာ လက်ဘနွန် တောင်ပိုင်းက အကျယ် ၁၀ ကီလိုမီတာလောက်ရှိတဲ့ စင်္ကြံဧရိယာကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အစ္စရေး စစ်တပ်က အဲဒီ ဇုန်ထဲမှာ ရှိနေတဲ့ တာတိုပစ် ဒုံးကျည်တွေနဲ့ တင့်ကားဖျက် စစ်လက်နက်တွေကို ရှာဖွေ ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာတွေကတော့ အစ္စရေးနဲ့ လက်ဘနွန်တို့ကြား တိုက်ရိုက်ဆွေးနွေးမှုတွေကနေ ထွက်ပေါ်လာတဲ့ ဘယ်လို သဘောတူညီမှုကိုမှ လက်ခံနိုင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ