အပစ်အခတ် ရပ်စဲထားပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ တစ်နေ့တည်းနဲ့ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၂၆ ရက်နေ့က နိုင်ငံပိုင်နက်ထဲမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦး အပါအဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါရှိခဲ့ပါတယ်။
အစ္စရေး စစ်တပ် (IDF)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ လက်ဘနွန် တောင်ပိုင်းက ကျေးရွာတချို့မှာ ဒေသခံတွေ မဖြစ်မနေ ရွှေ့ပြောင်းရမယ့် ဇုန်တွေ သတ်မှတ်ကြီး အသိပေးထားကြောင်း ပြောပါတယ်။ ပြီးတော့ ဧပြီ ၂၆ ရက်နေ့ တိုက်ခိုက်မှုတွေဟာ လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ အစ္စရေး တပ်တွေကို ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ရန်စခဲ့တာကြောင့် လက်တုံ့ပြန်ခဲ့တာလို့ IDFက အကြောင်းပြချက် ပေးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ချေမှုန်းခဲ့တယ်လို့ IDFက ဆိုပါတယ်။
ဒါ့အပြင် လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် အစ္စရေး စစ်သားတစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း IDFက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
အီရန်စစ်ပွဲ အစပိုင်းမှာ လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ်ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး စစ်ပွဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီအခါ အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လက်တုံ့ပြန်ခဲ့ရာက လက်ဘနွန် နိုင်ငံလည်း စစ်ထဲကို ဆွဲသွင်းခံခဲ့ရပါတယ်။
လောလောဆယ်မှာ အမေရိကန် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား အပစ်အခတ် ရပ်စဲထားပေမယ့် ဟစ်ဇ်ဘိုလာတွေကတော့ အစ္စရေးနဲ့ ရယူထားတဲ့ ဘယ်လို သဘောတူညီမှုကိုမှ အသိအမှတ် မပြုဘူးလို့ ကြေညာထားပါတယ်။ အပစ်ရပ်ထားပေမယ့် လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေးတပ်တွေက ဖြန့်ကျက် နေရာယူထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန် အခြေစိုက် IDF တပ်ဖွဲ့ဝင်တွေကိုသာ မကဘဲ အစ္စရေးမြောက်ပိုင်း နယ်မြေတွေကိုပါ ဒရုန်းနဲ့ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ဆိုပါတယ်။
လက်ဘနွန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကတော့ ဆက်လက် တည်တံ့နေဆဲပါ။ လက်ဘနွန် အစိုးရနဲ့ ရယူထားတဲ့ ညှိနှိုင်း သဘောတူညီချက်အရ ရန်လိုတိုက်ခိုက်မှုတွေ ကြုံလာရင် အစ္စရေး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်သမျှ တုံ့ပြန်မှုတွေကို လုပ်ပိုင်ခွင့် ရှိစေမယ်လို့ သတ်မှတ်ထားပါတယ်။
လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေရဲ့ လုပ်ရပ်တွေဟာ အပစ်ရပ် သဘောတူညီမှုကို အကဲစမ်း ချိုးဖောက်နေပြီး အကြိမ်တိုင်းမှာလည်း IDFက အင်ပြည့်အားပြည့် တုံ့ပြန်နေတယ်လို့ အစ္စရေးက ပြောပါတယ်။
ဧပြီ ၂၅ ရက်နေ့တုန်းကလည်း ဟစ်ဇ်ဘိုလာတွေရဲ့ အမျိုးမျိုးသော ရန်စမှုတွေကို အစ္စရေးက တုံ့ပြန်ခဲ့ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ IDFက ကြေညာခဲ့ပါတယ်။ အဲဒီနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန် တောင်ပိုင်းမှာ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ရေး ပဋိပက္ခအတွင်း လက်ဘနွန်မှာ စုစုပေါင်း အသေအပျောက် ၂၅၀၀ နီးပါးထိ ရှိလာပြီလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































