Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမှာ အီရန်ပြည်သူတွေ ကြံ့ကြံ့ခံနိုင်ခဲ့တာကို ချီးကျူးကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးကို ပူတင်ပြော

အမေရိကန်နဲ့ အစ္စရေးဆီက စစ်ရေးအရ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ပြနေတဲ့ အီရန် ပြည်သူတွေကို ချီးကျူးကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်နဲ့ အစ္စရေးဆီက စစ်ရေးအရ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ပြနေတဲ့ အီရန် ပြည်သူတွေကို ချီးကျူးကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ ဧပြီ ၂၇ ရက်နေ့တုန်းက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ဆီ ရောက်ရှိခဲ့ပြီး ပူတင်က လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အာရက်ချီဟာ လက်ရှိမှာ အပစ်အခတ် ရပ်စဲထားတဲ့ အီရန်-အမေရိကန် စစ်ပွဲကို တရားဝင် အဆုံးသတ်နိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းတွေအရ ကြိုးစားနေတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာတွေကို ရုရှားအနေနဲ့ အပြင်းအထန် ရှုတ်ချကြောင်း၊ ရုရှားဟာ အရှေ့အလယ်ပိုင်းဒေသ ပြန်လည် တည်ငြိမ် အေးချမ်းရေးမှာ ပါဝင်ညှိနှိုင်းပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပူတင်က အာရက်ချီကို ပြောကြားခဲ့ပါတယ်။ အီရန်အတွက် အကူအညီ ဖြစ်စေမယ့် အရာမှန်သမျှကိုလည်း ရုရှားက အစွမ်းကုန် ပံ့ပိုးမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

အီရန်နိုင်ငံ အနေနဲ့ ခက်ခဲတဲ့ ကာလတွေကို အမြန်ဆုံး ကျော်လွန် ဖြတ်သန်းနိုင်ပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်စေဖို့ ဆန္ဒပြုကြောင်းလည်း ပူတင်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အစ္စရေးတို့က ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ အချိန်မှာတောင် အီရန်ပြည်သူတွေဟာ လွတ်လပ်ရေးအတွက် ကြံ့ကြံ့ခံ ရပ်တည် တွန်းလှန်နေတာကို သူ့အနေနဲ့ အထူးလေးစား ချီးကျူးမိတယ်လို့ ပူတင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန် အစိုးရ အဓိပတိသစ် မော့ဂျ်တာဘာ ခါမေနီဆီကနေ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း၊ သူ့အနေနဲ့ ရုရှားဟာ အီရန်ရဲ့ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း အာရက်ချီက မော့ဂျ်တာဘာဆီ ယူဆောင်သွားစေလိုကြောင်း ပူတင်က ဆက်ပြောပါတယ်။

ရုရှားနဲ့ အီရန်တို့ဟာ နှစ် ၂၀ ကြာ မဟာဗျူဟာ မိတ်ဖက်တွေအဖြစ် လက်တွဲရေး စာချုပ်ကို ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လောလောဆယ်မှာ ရုရှားဟာ အီရန်ရဲ့ ဘူရှာဟာ ဒေသမှာ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံ နှစ်ခုကိုလည်း တည်ဆောက်ပေးနေပါတယ်။ အဲဒီဒေသဟာ အီရန်ရဲ့ တစ်ခုတည်းသော နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်ဟာ လက်ရှိ အရှေ့အလယ်ပိုင်း ဒေသမှာ အီရန် ကြုံတွေ့နေတဲ့ အခြေအနေတွေကို ပူတင်ဆီ တင်ပြချင်လို့ ဖြစ်ပြီး ရုရှားအစိုးရရဲ့ ကူညီထောက်ပံ့မှုတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ခက်ခဲတဲ့ ကာလတွေမှာ အီရန်ဟာ မိတ်ကောင်းဆွေကောင်းတွေ ရှိနေတယ် ဆိုတာကို သိခွင့်ရခဲ့ကြောင်း၊ ရုရှားလို နိုင်ငံတွေဟာ အီရန်နဲ့အတူ ရပ်တည်ပေးခဲ့ကြောင်း အာရက်ချီက ဆိုပါတယ်။

လက်ရှိမှာ အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ ရပ်တန့်နေပေမယ့် အဲဒီလို တွေ့ဆုံမှုတွေ ပြန်စတင်လာတာကို အီရန်အနေနဲ့ လိုလားကြောင်း ပူတင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ အပစ်ရပ်ထားတဲ့ အခြေအနေမျိုးကနေ စစ်ပွဲပြန်စလာတာမျိုး လုံးဝ မဖြစ်သင့်ကြောင်း၊ ဘယ်သူ့အတွက်မှလည်း အကျိုးရှိမှာ မဟုတ်ကြောင်း ပက်စ်ကော့ဗ်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ