မှန်ကန်မွန်မြတ်တဲ့ ရည်ရွယ်ချက်အတွက် တရားသောစစ်ကို ဆင်နွှဲခဲ့တဲ့ ရုရှားကို အမြဲတမ်း အားပေး ထောက်ခံနေမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ ကင်မ်ဟာ ပြုံယမ်းမြို့တော်ဆီ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်နဲ့ တွေ့ဆုံချိန်မှာ အဲဒီ သဘောထားကို အသိပေးခဲ့တာလို့ သိရှိရပါတယ်။
ဘီလူဆော့ဗ်ဟာ လွှတ်တော် ဥက္ကဋ္ဌ ဗစ်ချယ်ဆလက်ဗ် ဗိုလိုဒင်နဲ့အတူ ရုရှားအစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြုံယမ်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ယူကရိန်း စစ်ပွဲကာလမှာ ပိုပြီး ရင်းနှီးလာခဲ့ကြသလို ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သည်တွေ၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်း ပို့ဆောင်ပေးခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားကို စီးပွားရေးနဲ့ နည်းပညာပိုင်းကနေ ထောက်ပံ့ခဲ့ပါတယ်။
ဧပြီ ၂၆ ရက်နေ့ကတော့ ကင်မ်ဟာ ဧည့်သည်တော် ရုရှား ကာကွယ်ရေး ဝန်ကြီးနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း၊ ယူကရိန်း စစ်ပွဲဟာ ရုရှားရဲ့ အမျိုးသား အချုပ်အခြာ အာဏာ၊ ပိုင်နက်နယ်မြေနဲ့ လုံခြုံရေးတွေကို ကာကွယ်ဖို့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ဆင်နွှဲခဲ့မှန်း သဘောပေါက်တာကြောင့် သူ့အနေနဲ့ မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကင်မ်က ဘီလူဆော့ဗ်ဆီ ပြောကြားခဲ့ကြောင်း KCNAက ဖော်ပြသွားပါတယ်။

Public Service Announcement
တရားသောစစ်ကို ဆင်နွှဲနေတာ ဖြစ်တဲ့အတွက် ရုရှား စစ်တပ်နဲ့ ရုရှားပြည်သူတွေပဲ သေချာပေါက် အောင်ပွဲခံမယ်လို့ သူယုံကြည်တယ်လို့လည်း ကင်မ်က ပြောကြားခဲ့ပါတယ်။
ဘီလူဆော့ဗ်နဲ့ ဗိုလိုဒင်တို့ဟာ ယူကရိန်းနဲ့ တိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သည်တွေအတွက် တည်ဆောက်ပေးထားတဲ့ အထိမ်းအမှတ်ပြတိုက် ဖွင့်ပွဲ အခမ်းအနားကိုလည်း ကင်မ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားကို ကူညီပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးထားတဲ့ စာတစ်စောင်ကိုလည်း ကင်မ်ဆီ ပေးပို့ခဲ့ကြောင်း KCNAက ဆိုပါတယ်။
တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကတော့ ယူကရိန်းနဲ့ စစ်ပွဲအတွင်း မြောက်ကိုရီးယားက တပ်ကူအင်အား ၁၅၀၀၀ လောက် ပို့လွှတ်ပေးခဲ့ပြီး အဲဒီထဲက ၂၀၀၀ လောက် သေကြေပျက်စီးခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ မြောက်ကိုရီးယားဟာ စစ်သားတွေ အနေနဲ့ ယူကရိန်းရဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးတာ ခံမယ့်အစား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။ ယူကရိန်းဟာ မြောက်ကိုရီးယား စစ်သား ၂ ဦးတည်းကိုသာ အရှင်ဖမ်းမိနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ကိုးကား: AFP


















































