Connect with us

Hi, what are you looking for?

နိုင်ငံတကာ

UN နျူကလီးယား လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ညီလာခံမှာ အမေရိကန်နဲ့ အီရန် အခြေအတင်ဖြစ်

နျူကလီးယား လက်နက် တိုးပွားမှု ထိန်းချုပ်ရေး စာချုပ် (NPT) အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ညီလာခံ ကျင်းပရင်း ကုလသမဂ္ဂ (UN)မှာ အမေရိကန်နဲ့ အီရန်တို့ကြား အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

နျူကလီးယား လက်နက် တိုးပွားမှု ထိန်းချုပ်ရေး စာချုပ် (NPT) အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ညီလာခံ ကျင်းပရင်း ကုလသမဂ္ဂ (UN)မှာ အမေရိကန်နဲ့ အီရန်တို့ကြား အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အဲဒီ ညီလာခံအတွက် ဒုတိယ ဥက္ကဋ္ဌ ၃၄ နိုင်ငံ စာရင်းမှာ အီရန် ရွေးချယ်တင်မြှောက် ခံခဲ့ရတာကို အမေရိကန်က ကန့်ကွက်ခဲ့ရာက နှစ်ဖက် သံတမန်တွေကြား အငြင်းအခုံ ဖြစ်ခဲ့တာပါ။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင် အသက်ဝင်ခဲ့တဲ့ NPTရဲ့ သတ်မှတ်ချက်တွေကို အဖွဲ့ဝင် နိုင်ငံတွေက ထိထိရောက်ရောက် အကောင်အထည် ဖော်နေသလား ဆိုတာ ဆန်းစစ်တဲ့ ညီလာခံကို နယူးယောက်မှာ တစ်လကြာ ကျင်းပနေပါတယ်။

အဲဒီ ညီလာခံရဲ့ ဒုတိယ ဥက္ကဋ္ဌ ၃၄ နေရာ စာရင်းထဲမှာ အီရန်က ထည့်သွင်းရွေးချယ် ခံခဲ့ရတာပါ။ ဧပြီ ၂၇ ရက်နေ့မှာတော့ အဲဒီ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ လက်နက်ထိန်းချုပ်ရေးနဲ့ နျူကလီးယား ဖျက်သိမ်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ယောက အီရန်ကို ဒုတိယ ဥက္ကဋ္ဌ ခန့်အပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ရှက်စရာ ကောင်းလွန်းပြီး ညီလာခံရဲ့ ဂုဏ်ရည်နဲ့ ယုံကြည် စိတ်ချရမှုတွေကို ညစ်နွမ်းစေကြောင်း ပြောကြားသွားပါတယ်။

အီရန်ဟာ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)နဲ့ အပြည့်အဝ ပူးပေါင်းဖို့ ငြင်းဆိုခဲ့သလို နျူကလီးယား ထိန်းချုပ်ရေး ကတိကဝတ်တွေကိုလည်း ချိုးဖောက်ခဲ့ကြောင်း သူက စွပ်စွဲခဲ့ပါတယ်။

အီရန်ဖက်ကလည်း အမေရိကန်ရဲ့ ထိုးနှက်ချက်တွေကို ငြိမ်ခံမနေခဲ့ပါဘူး။ အီရန်အစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ ရက်ဇာ နက်ဂျာဖီကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အမေရိကန်ဖက်က မှတ်ချက် စကားတွေဟာ အခြေအမြစ် မရှိသလို နိုင်ငံရေးအရ အပုပ်ချမှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သမိုင်းကြောင်းကို ကြည့်ရင်လည်း အမေရိကန် ဆိုတာက နျူကလီးယား လက်နက်ကို လက်တွေ့ အသုံးချခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်သလို လက်ရှိမှာလည်း နျူကလီးယား လက်နက်တိုက်ကို ဆက်တိုက် အဆင့်မြှင့်တင် မွမ်းမံ တိုးချဲ့နေကြောင်း နက်ဂျာဖီက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒိုယွန်ဗိထ်ကတော့ အီရန်ကို ဒုတိယ ဥက္ကဋ္ဌ နေရာမှာ ထောက်ခံ ရွေးချယ်ခဲ့တာဟာ ဘက်မလိုက်တဲ့ နိုင်ငံတွေကြားက ဆုံးဖြတ်ချက် တစ်ခုလို့ ရှင်းလင်းခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိမှာ စစ်ဖြစ်နေကြပြီး ယာယီ အပစ်အခတ် ရပ်စဲထားတဲ့ နိုင်ငံတွေပါ။ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို အမေရိကန်က တိုက်ခိုက်ခဲ့ရာမှာ အီရန်က နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတာကို တားဆီးဖို့ ဆိုတာက အဓိက အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အီရန် အစိုးရကတော့ နိုင်ငံရဲ့ ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို အမေရိကန် အနေနဲ့ လေးစား အသိအမှတ်ပြုဖို့ လိုကြောင်း ပြောကြားထားသလို နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့သာ ဖြစ်ကြောင်း၊ လက်နက်တွေ ထုတ်လုပ်ဖို့ မရည်ရွယ်ကြောင်း ကြေညာထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်ဟာ နျူကလီးယား လက်နက်တွေ ဘယ်တော့မှ ပိုင်ဆိုင်မလာစေရဘူးလို့ ကြုံးဝါးထားပါတယ်။ IAEAနဲ့ အမေရိကန် ထောက်လှမ်းရေးရဲ့ သီးခြား လေ့လာ ဆန်းစစ်ချက်တွေအရ အီရန်ဟာ နျူကလီးယား လက်နက် စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်လောက်မှာ ရပ်တန့်နေခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း သိရပါတယ်။

အီရန်ဟာ လက်ရှိ စစ်ပွဲကို ရပ်စဲဖို့အတွက် အဆိုပြုချက် တစ်ရပ်ကို အမေရိကန်ဆီ ပေးပို့ထားပြီး အီရန် နျူကလီးယားအရေး ဆွေးနွေးမှုတွေကို နောက်ထပ် သင့်တော်တဲ့ အချိန်ကာလ တစ်ခုမှ ပြန်လည် စတင်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ