အမေရိကန် ဘတ်ဂျတ်လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Spirit Airlinesက ပျံသန်းပြေးဆွဲမှု ခရီးစဉ်တွေ ရပ်တန့်လိုက်ကြောင်း ရုတ်တရက် ကြေညာလိုက်ပြီး အကျိုးဆက်အဖြစ် သောင်းနဲ့ချီတဲ့ ဝန်ထမ်းတွေ ညတွင်းချင်း အလုပ်အကိုင် ဆုံးရှုံးကုန်ပါတယ်။
ဒေဝါလီ ခံရမယ့် အကျပ်အတည်းကနေ ရှောင်လွှဲဖို့ အမေရိကန် အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့တဲ့နောက် လုပ်ငန်းအားလုံး ချက်ချင်း ရပ်ဆိုင်းမယ်လို့ Spirit Airlinesက မေလ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ လေယာဉ်ဆီစျေးတွေ အလွန်အကျွံ မြင့်တက်လာတာ၊ ကြွေးမြီတွေ တိုးလာတာ၊ အစိုးရနဲ့ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့တာတွေက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဆီ ဦးတည်သွားစေခဲ့တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
လေကြောင်းလိုင်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Spirit Aviation Holdingsရဲ့ ကြေညာချက်မှာတော့ ခရီးစဉ် ပျံသန်းပြေးဆွဲမှုတွေကို အစီအစဉ်တကျ ပယ်ဖျက်လိုက်ပြီး လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့ လေဆိပ်တွေဆီ မသွားစေလိုကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။

Public Service Announcement
လက်မှတ် ကြိုဝယ်ထားသူတွေအတွက် ငွေပြန်အမ်းပေးမှာ ဖြစ်ပေမယ့် တခြားလေကြောင်းလိုင်း တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ခရီးစဉ် အစားထိုး စီစဉ်ပေးတာမျိုးတော့ ကူညီနိုင်မှာ မဟုတ်ဘူးလို့လည်း Spirit Airlinesက ဆိုပါတယ်။
Spirit Aviation Holdingsရဲ့ အမှုဆောင်ချုပ် ဒေ့ဗ်ဒေးဗစ်ကတော့ ကုမ္ပဏီအနေနဲ့ ဘယ်လိုဘယ်ပုံ ရှေ့ဆက်သွားမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ပြန်လည်တည်ဆောက်ရေး အစီအမံတစ်ခုကို ဆွေးနွေး သဘောတူထားပြီလို့ ပြောပါတယ်။
ပျံသန်းပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် Spirit Airlinesဟာ အပြီးတိုင် ပိတ်သိမ်းမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။ အကျိုးဆက်အဖြစ် လေကြောင်းလိုင်း ဝန်ထမ်းတွေ၊ ကန်ထရိုက် ဝန်ထမ်းတွေ စုစုပေါင်း အရေအတွက် ၁၇၀၀၀ လောက်ဟာ အလုပ်အကိုင် နေရာတွေ ဆုံးရှုံးကုန်ကြပါတယ်။
မေလ ၂ ရက်နေ့မှာ လေကြောင်းလိုင်းရဲ့ ရုံးခန်းတွေနဲ့ လက်မှတ်အရောင်း ဌာနတွေကနေ ထွက်ခွာကြဖို့ ဝန်ထမ်းတွေဆီ ညွှန်ကြားချက် ရောက်လာခဲ့ပါတယ်။
ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် Spirit Airlinesဟာ အစောပိုင်း ကတည်းက အသုံးစရိတ် ခြွေတာရေး အစီအမံတွေကို စတင် ကျင့်သုံးနေခဲ့ရပြီး ဖြစ်ပါတယ်။ နှစ်ဆန်းပိုင်းတုန်းက လေယာဉ်မှူး ၃၆၀ ကျော်နဲ့ ထောင်ချီတဲ့ တခြားဝန်ထမ်းတွေကိုလည်း လေကြောင်းလိုင်းက ထုတ်ပယ်ပြီး လျှော့ချခဲ့ပါတယ်။
ကုမ္ပဏီ အနေနဲ့ အခြေအနေတွေကို အတတ်နိုင်ဆုံး သိမ်သိမ်မွေ့မွေ့ ထိန်းသိမ်း ကိုင်တွယ်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လေယာဉ်ဆီစျေးတွေ ရုတ်တရက် ထိုးတက်လာတဲ့အခါ လုပ်ငန်းတွေ ရပ်ပစ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မကျန်တော့ကြောင်း ဒေးဗစ်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီက တခြား လေကြောင်းလိုင်းတွေဟာ Spirit Airlines ကိစ္စကြောင့် ဒုက္ခရောက်လာတဲ့ ခရီးသည်တွေအတွက် လက်မှတ်စျေးတွေကို တိကျတဲ့ အမြင့်ဆုံး ကန့်သတ်ပမာဏတစ်ခု ထားရှိပေးဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။ Spirit Airlinesဆီကနေ အကြွေးဝယ်ကတ် အသုံးပြုပြီး လက်မှတ်ဝယ်ထားသူတွေဆီ အလိုအလျောက် ငွေပြန်အမ်းထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်ခဲ့တဲ့ အချိန်ကစပြီး နောက်ပိုင်းကာလတွေအတွင်း Spirit Airlinesဟာ ဒေါ်လာ ၂၅ ဘီလီယံကျော် အရှုံးပြခဲ့သလို ကြွေးမြီပမာဏကလည်း တရိပ်ရိပ် တိုးလာနေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: The Hill


















































