ဟောမုဇ် ရေလက်ကြားနားမှာ တောင်ကိုရီးယား ရေယာဉ်ကို အီရန်က တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အီရန်သံရုံးက ငြင်းဆိုသွားခဲ့ပါတယ်။
ပနားမားအလံ လွှင့်ထူထားပြီး တောင်ကိုရီးယားက ပိုင်ဆိုင်တဲ့ HMM Namu ကုန်တင်သင်္ဘောဟာ မေလ ၄ ရက်နေ့တုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ ကျောက်ချထားတဲ့ အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ပါတယ်။
အဲဒီမီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီး သင်္ဘောသား ၂၄ ဦးလည်း ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ ဟောမုဇ်ရေလက်ကြား တဝိုက်မှာ လှုပ်ရှားနေတဲ့ အီရန်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တာလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပြီး တောင်ကိုရီးယားကတော့ ဖြစ်စဉ်ကို တိတိကျကျ စုံစမ်း ဖော်ထုတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
မေလ ၇ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာရှိတဲ့ အီရန်သံရုံးက တောင်ကိုရီးယား ရေယာဉ်ကို အီရန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လုံးဝမမှန်ကန်ကြောင်း ငြင်းချက်ထုတ်ခဲ့ပါတယ်။

Public Service Announcement
ထရမ့်က အီရန်ရဲ့ လက်နက် တပ်ဆင်ထားတဲ့ လှေတွေက တောင်ကိုရီးယား သင်္ဘောကို ပစ်ခတ်ခဲ့တာလို့ ပြောပေမယ့် သံရုံးထုတ်ပြန်ချက်မှာတော့ အဲဒီ စွပ်စွဲချက်ကို အတိအလင်း ငြင်းဆိုခဲ့ပါတယ်။
ဟောမုဇ်ရေလက်ကြားနားမှာ တောင်ကိုရီးယား သင်္ဘောတစ်စီး ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အီရန်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ပတ်သက် ပါဝင်ခဲ့ကြောင်း စွပ်စွဲ ပြောဆိုချက် မှန်သမျှကို အတိအလင်း ငြင်းပယ်ကြောင်း သံရုံးက ကြေညာပါတယ်။
အီရန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ချိန် ကတည်းက ဟောမုဇ်ရေလက်ကြားဟာ အီရန်ရဲ့ ကာကွယ်ရေး အစီအမံတွေမှာ အရေးပါတဲ့ ဇုန်နယ်မြေ ဖြစ်လာတယ် ဆိုတာကို အီရန်အနေနဲ့ အကြိမ်ကြိမ် အသိပေး ကြေညာထားခဲ့ကြောင်း၊ ဟောမုဇ်ကို အန္တရာယ်ကင်းကင်း ဖြတ်သန်းဖို့ဆိုရင် အီရန်က သတ်မှတ်တဲ့ စည်းမျဉ်းတွေကို အတိအကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း သံရုံးက ပြောပါတယ်။
သင်္ဘောတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်အပြီးမှာတော့ တောင်ကိုရီးယား အစိုးရက ဟောမုဇ်ကို ဖြတ်သန်းမယ့် သင်္ဘောတွေကို အမေရိကန် ရေတပ်က ခြံရံ စောင့်ရှောက်ပေးမယ့် ထရမ့်ရဲ့ Project Freedomဆိုတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ စဉ်းစားနေကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်က Project Freedomကို စတင် အကောင်အထည်ဖော်ပြီး တစ်ရက်လောက် အကြာမှာပဲ ဆိုင်းငံ့လိုက်တာကြောင့် တောင်ကိုရီးယားလည်း အဲဒီကိစ္စကို ခေါင်းခြောက်ခံပြီး စဉ်းစားစရာ မလိုတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။
ကိုးကား: AFP


















































